ဘွက်ကြီးဆည် မြေသားဘောင် နိမ့်ကျတာကြောင့် ဒေသခံတွေ ရွှေ့ပြောင်းနေ
2018.09.18
မကွေးတိုင်း၊ အောင်လံမြို့နယ်က ဘွက်ကြီးဆည်ရဲ့ အပြင်ဘက်က မြေသားဘောင်တွေ နိမ့်ကျလာတဲ့အတွက် ဆည်အောက်ပိုင်းကျေးရွာတွေက ဒေသခံတွေ ဆည်ပေါက်မှာစိုးရိမ်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။
ဆွာရေလှောင်တမံ ကျိုးပေါက်တာမျိုး ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ရေလွတ်ရာကုန်းမြင့်တွေကို ရွေ့ပြောင်းနေ ထိုင်နေကြတာလို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော် ကပြောပါတယ်။
"ဆည်ရဲ့အောက်မှာရှိတဲ့ ရွာသုံးရွာလောက်ကတော့ စိုးရိမ်တဲ့သူတွေက ညအိပ်တဲ့အချိန်ကျရင်တော့ ကုန်းပေါ် လွတ်တဲ့နေရာတွေမှာ တဲလေးတွေ ထိုးပြီးတော့ သွားအိပ်ကြတာပေါ့၊ အင်ဂျင်နီယာပညာရှင်တွေကတော့ ရပါတယ်၊ ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတယ်၊ သိပ်မစိုးရိမ်ရဘူးဆိုပေမဲ့ ကျနော်တို့ကကျတော့ ပြည်သူတွေကို သတိနဲ့နေကြဖို့ နည်းနည်းလေး ဆော်သြထားရတာပေါ့"
ဘွက်ကြီးဆည်အနီးနားမှာရှိတဲ့ တံခွန်တိုင်၊ မောင်းမလှုပ်၊ ဆင်တဲဆင်ကျန် စတဲ့ကျေးရွာတွေက သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် စတဲ့ လူဦးရေ ၁၀၀ နီးပါးလောက်က ရေလွတ်နိုင်မယ့် ကုန်းမြင့်တွေပေါ်ကို ညအချိန်တွေမှာ ရွေ့ပြောင်းနေထိုင်နေကြတယ်လို့ ဦးအေးကျော်က ပြောပါတယ်။
ဘွက်ကြီးဆည်ရဲ့ အပြင်ဘက် မြေသားဟာ စက်တင်ဘာလ ၂ ရက်နေ့က ၄ ပေခန့် နိမ့်ကျမှုဖြစ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ မြေအက်ကြောင်း ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဆည်မြောင်းက အင်ဂျင်နီယာတွေ၊ ဘူမိဗေဒပညာရှင်တွေနဲ့ တာဝန်ရှိသူတွေက မြေသားနိမ့်ကျတဲ့နေ ရာတွေမှာ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ အောင်လံမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးမိုးလှိုင်က အခုလိုပြောပါတယ်။
"ကျနော်တို့တမံကနေ တမံကျိုးတာတို့ တမံကနေ ရေပေါက်ကျတာတို့ မရှိပါဘူး၊ လက်ရှိ ဖြစ်စဉ်ဖြစ်တဲ့နေရာ ကလည်း အောက်မှာ ကုန်းကြောရှိပါတယ်၊ ချောင်းရိုးထဲမှာဖြစ်တာ မဟုတ်ပါဘူး၊ အပေါ်ကုန်းရိုးပေါ်မှာဖြစ် တာပါ၊ အဲဒီအနေအထားကလည်း တမံရဲ့အပြင်ဘက် အောက်ခြေဘက်ကနေပြီးတော့ မြေသားဘောင် ထိုးပြီးတော့ အပေါ်ကနေ ထပ်လျောမကျလာအောင် ထိန်းတဲ့လုပ်ငန်းတွေလုပ်နေပါတယ်၊ စက်ယန္တရားတွေ သုံးပြီး ဆောင်ရွက်နေပါတယ်။ တမံအတွင်းဘက်ကနေ ဘာမှပြဿနာမရှိပါဘူး၊ တမံအပြင်ဘက် မှာဖြစ်တဲ့ကိစ္စကို ပညာရှင်အပြည့်အစုံနဲ့ ဆောင်ရွက်နေပါတယ်"
လယ်ယာမြေ ဧက ၇၀၀၀ နီးပါးကို ဆည်ရေပေးဝေနိုင်ဖို့ ၂၀၀၀ ပြည့်နှစ်မှာ ဘွက်ကြီးဆည်ကို စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဧက ၂၀၀၀ ကျော်လောက်သာ ဘွက်ကြီးဆည်ရေသုံးပြီး စိုက်ပျိုးနေတယ်လို့ သိရပါတယ်။