ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကြေးဆုံးရှုံးတဲ့ ကိုယ်စားလှယ်လောင်း ၅၃ ဦး ရှိ
2017.04.08

ကြားဖြတ်ရွေးကောက်ပွဲမှာ ခိုင်လုံမဲ ၈ ပုံ ၁ ပုံ မရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၃ ဦး ဟာ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကျပ် ၃ သိန်းစီဆုံးရှုံးပြီး ကျန်တဲ့ ၄၁ ဦးကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က အာမခံငွေကြေး ပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။
အနိုင်ရ ကိုယ်စားလှယ် ၁၉ ဦးအပါအဝင် ခိုင်လုံမဲ ၈ ပုံ ၁ ပုံရရှိတဲ့ ကိုယ်စားလှယ် ၄၁ ဦးကိုသာ ရွေးကောက်ပွဲ အာမခံငွေ ပြန်လည်ပေးအပ်မှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။
"၄၁ ယောက် ပြန်ပေးရမယ်၊ ၄၁ ယောက်က အနိုင်ရတဲ့သူ ၁၉ ယောက်နဲ့ နောက်ထပ် ၈ ပုံ ၁ ပုံရတဲ့သူတွေပေါ့၊ ပြန်ပေးရမယ့်သူက ၄၁ ယောက်ရှိတယ်ဆိုတော့ ပြိုင်တာက ၉၄ ယောက်ဆိုတော့ ၅၃ ယောက်က ပြန်မရတော့ဘူးပေါ့"
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မှတ်ပုံတင်ကြေးအဖြစ် ကိုယ်စားလှယ်လောင်း ၁ ဦးကို ငွေကျပ် ၃ သိန်းစီ တင်သွင်းပြီး ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။
ခိုင်လုံမဲ ၈ ပုံ ၁ ပုံ မရရှိတဲ့ ကိုယ်စားလှယ်လောင်း ၅၃ ဦးရဲ့ အာမခံဆုံးရှုံးငွေ ကျပ် ၁၅၉ သိန်းဟာ နိုင်ငံတော် ဘဏ္ဍာအဖြစ် ရရှိခဲ့တာဖြစ်ပါတယ်။
အာမခံငွေ ဆုံးရှုံးခဲ့တဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ အမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်း ၆ ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၅ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက ၃ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ၂ ဦးနဲ့ တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း ၇ ဦးတို့ ပါဝင်ပါတယ်။
မှတ်ပုံတင်ကြေးအဖြစ် ပေးသွင်းတဲ့ အာမခံငွေတွေကို လွန်ခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၂ ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိသူတွေကိုသာ ပြန်လည်ထုတ်ပေးတာဖြစ်ပြီး ဆန္ဒမဲ ၈ ပုံ ၁ ပုံရတဲ့ ကိုယ်စားလှယ်လောင်းတွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ စတင်ထုတ်ပေးတာ ဖြစ်ပါတယ်။