၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံးမှာ ကျင်းပ
2018.11.03
လွှတ်တော်အသီးသီးရဲ့ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ ခုကို သက်ဆိုင်ရာ မြို့နယ်တွေမှာ ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ မိသားစုလည်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဒီနေ့ နေ့လည်မှာ သွားရောက် ဆန္ဒမဲ ပေးခဲ့ပါတယ်။
မဲပေးပိုင်ခွင့်ရှိသူ ၁ သိန်းကျော်ရှိတဲ့ တာမွေမြို့နယ်မှာ မဲရုံပေါင်း ၁၂၃ ရုံရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) စတဲ့ ပါတီတွေက ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။
တာမွေမြို့နယ် မဲရုံ အမှတ် ၁ မှာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၇၀၀ ကျော်ရှိရာမှာ ၂၆၂ ယောက်သာ ဆန္ဒမဲ လာရောက်ပေးခဲ့ကြပြီး NLD ပါတီက ၂၃၇ မဲ၊ USDP ပါတီက ၁၂ မဲ ရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေက လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့ မြို့နယ်အားလုံးမှာ မဲဆန္ဒရှင် ၉ သိန်းကျော်ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေက ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၆၂ ဦးနဲ့ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူ ၇ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။