ကြားဖြတ်နေရာ အများစု NLD ရပေမယ့် အမ်းနဲ့ ချောင်းဆုံမှာ ရှုံးနိမ့်


2017.04.01
by-election-chaungsone-620.jpg မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းရေတွက်နေတာကို ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မနေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုကို ရရှိပြီး ရခိုင်ပြည် နယ် အမ်းမြို့နယ်မှာ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာအေးမောင်နဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးအောင်ကြည်သိန်း တို့ အနိုင်ရရှိသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က အမ်းနဲ့ ချောင်းဆုံမှာ သူတို့ပါတီ ရှုံးနိမ့်ခဲ့ပေမယ့် တိုင်းနဲ့ပြည်နယ်က တခြားနေရာတွေမှာ အနည်းဆုံး ၉ နေရာ အနိုင်ရရှိခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"အမ်းမှာကျတော့ မနိုင်ဘူးဆိုတာက အဲဒီမှာဝင်တဲ့ပုဂ္ဂိုလ်တွေက သူတို့လူမျိုးစုအရ ခေါင်းစဉ်ရှိတဲ့ တစ်ယောက်ပေးရမယ်၊ ချောင်းဆုံမှာ ဒီလို USDP က အသာရတဲ့ဥစ္စာက မွန်ပါတီတွေ မညီညွတ်လို့ဟာ အဓိကပဲ၊ အမ်းနဲ့ ချောင်းဆုံမှာ ကျနော်တို့ ရှုံးတယ် ဒါပေမဲ့ ၉ နေရာနိုင်တယ်၊ ယေဘုယျအားဖြင့်တော့ အရွေးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ဟာ ဒီထက်တော့များတယ်လို့ ပြောလို့ရပါတယ်"

ဒါ့အပြင် ဦးဝင်းထိန်က ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD အဖွဲ့ဝင်အများအပြား လွတ်တော်နဲ့ အစိုးရအဖွဲ့ကို ရောက် ရှိသွားခဲ့တဲ့အတွက် ပါတီညီလာခံကို မကြာခင်ကျင်းပပြီး နိုင်ငံရေးအရ အဆင့်မြင့်သူတွေကို ပြန်လည်ဖေါ်ထုတ် ကာ ၂ဝ၂ဝ ရွေးကောက်ပွဲကို ရင်ဆိုင်မယ်လို့ ပြောကြားပါတယ်။

ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ကတော့ သူ အခုလိုအနိုင်ရရှိမှုဟာ ပြည်မပါတီတွေရဲ့ အုပ်ချုပ်ခံဘဝကနေ အဖိနှိပ်ခံတိုင်းရင်းသားတွေ ရုန်းထွက်ဖို့အတွက် ရခိုင်ပြည်သူတွေက ဦးဆောင်ပြီး တပ်လှန့်နှိုးဆော်လိုက်တာပဲလို့ ဂုဏ်ယူစွာ ပြောကြားပါတယ်။

"ကိုယ့်ကြံမ္မာကိုယ် ဖန်တီးခွင့်မရှိဘဲနဲ့ ကိုယ့်ဒေသက သယံဇာတတွေအားလုံးကို ထုတ်ယူသွားခြင်းခံရ တယ်၊ ကိုယ်တို့ပြည်နယ်ကို ကိုယ်တို့အုပ်ချုပ်ပိုင်ခွင့်မရှိဘူး၊ တစ်ဘက် ပြည်မပါတီများရဲ့ အမိန့်ပေးခံ ပုဂ္ဂိုလ်တွေ ကတဆင့် ကျနော်တို့ အုပ်ချုပ်ခံပြီးမှ မဖွံ့မဖြိုးနဲ့ ကိုယ့်ဒေသကလူတွေအားလုံး အလုပ်အကိုင် မရှိဘဲနဲ့ ပြည်ပနိုင်ငံကို စွန့်ခွါသွားကြရတဲ့ဒဏ်ကို အခု ကျနော်တို့ သင်ခန်းစာ စယူပြီဆိုတဲ့ သမိုင်းရဲ့ အဖြေ ကိုပေးတာပဲ"

တဆက်တည်းမှာပဲ လွှတ်တော်အတွင်း အတိုက်အခံ အင်အားစုကို ပြန်လည်တည်ဆောက်ပြီး ပြည်နယ်တွေ အတွက် ဘက်ဂျက်သုံးငွေ အလွန်နည်းပါးနေတာကို ဖြေရှင်းဖို့ကြိုးစားမယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းသူကျော်က အမ်းနဲ့ ချောင်းဆုံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ဟာ NLD ကို သတိပေးလိုက်တာပဲလို့ သုံးသပ်ပါတယ်။

"တခြားနေရာတွေ ရှုံးတာမရှုံးတာထက် ဒီနေရာတွေရှုံးတာကိုတော့ သင်ခန်းစာယူသင့်တယ်လို့ ကျနော် ကတော့ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ NLD သည် ဖြတ်သန်းရမယ့်ခရီးက အရှည်ကြီးကျန်သေးတယ်၊ တိုင်းပြည်ပြုပြင်ပြောင်းလဲမှုက အခုမှစတုန်းရှိသေးတယ်၊ ဆိုတော့ ကျနော်တို့ချစ်တဲ့ပါတီ NLD သည်ဟာ ဆက်ပြီးတော့ ပြည်သူလူထုကို ကိုယ်စားပြုပြီး ချီတက်ဖို့လိုတယ်၊ အဲဒီတော့ ကျနော်တို့ဟာ အခုဒီ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြုံလိုက်ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို သင်ခန်းစာယူပြီးတော့ ၂ဝ၂ဝ အတွက် မာစတာပလန်တွေ ကြိုပြီးဆွဲထားသင့်ပါပြီ၊ အဲဒီတော့ ပြည်သူလူထုမျက်နှာကို ထောက်ထား ပြီးတော့ သေသေချာချာ ကြိုကြိုတင်တင် ပြင်ဆင်မှုတွေပြုလုပ်ပြီးတော့ ရွေးကောက်ပွဲကို လည်း နိုင်အောင် ကြိုးစားရင်းနဲ့ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ အခွင့်အရေးတွေ ၊ တောင်းဆိုမှုတွေအားလုံးကို ဖြည့်ဆည်းဖို့ ကျနော်က NLD ကို တိုက်တွန်းချင် ပါတယ်၊ မေတ္တာရပ်ခံ ချင်ပါတယ်"

နာမည်ကျော် ဂီတအနုပညာရှင် ရွှေသံဇဉ် ဦးဝင်းမော်ကတော့ ကြားဖြတ်ရွေးကောက်ပွဲကို မြို့ပြလူတန်းစားက သိပ်စိတ်မဝင်စားပဲ ပြည်နယ်တွေက ပိုမိုအာရုံစိုက်ခဲ့တယ်၊ ရန်ကုန်မှာ NLD နိုင်မှာကိုတော့ မျှော်လင့်ထားပြီးဖြစ် တယ်လို့ ဝေဖန်ပါတယ်။

"အထူးသဖြင့် ရန်ကုန်တို့ ဘာတို့ပေါ့ မြို့ကြီးတွေက NLD နိုင်မှာဆိုတာ ကြိုလည်းသိ ပြီးတော့ နောက် တော်တော်များများကလည်း စိတ်မဝင်စားကြပါဘူး၊ ကြားဖြတ်လည်းဖြစ်တာ တပိုင်းပေါ့လေ၊ နောက်တစ်ခုက ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ ရန်ကုန်မြို့ကလူတွေက ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ မကြိုက်ကြဘူး ဒါပေမဲ့ သာမန်ပြည်သူတွေက မဲပေးမယ်ဆိုတာ သိပြီးသားပဲ၊ တိုင်းရင်းသားဒေသတွေကတော့ ကျနော်တို့နဲ့မတူတာက စိတ်ဝင်စား ကြတယ်၊ အဓိကတော့ ရခိုင်ပြည်နယ်နဲ့ ချောင်းဆုံတို့ဘာတို့ပေါ့၊ ဒီဟာက NLD အတွက်က လာမယ့် ၂ဝ၂ဝ မှာ တိုင်းရင်းသားဒေသတွေအတွက် စိုးရိမ်စရာကောင်းတဲ့ image ကိုတော့ပြတယ်"

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းရလဒ်တွေကို မနေ့ည ၈ နာရီမှာ ထုတ်ပြန်မယ်လို့ မူလက ပြောကြားခဲ့ပေမယ့် မဲစာရင်းမစုံသေးတဲ့အတွက် ဒီကနေ့ ဧပြီလ ၂ ရက်နေ့ မနက် ၉ နာရီကျမှ ကြေညာမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

ကြားဖြတ်ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်နဲ့ဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။