စက်တင်ဘာ ၃ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် ရရှိမည်
2018.08.14
လာမယ့်နိုဝင်ဘာလ ၃ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့်ရရှိမှာဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ကိုယ်စားလှယ်လောင်းတွေကို ရက်ပေါင်း ၆၀ ကြာ မဲဆွယ်စည်းရုံးခွင့်ပြုသွား မှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က ပြောပါတယ်။
“ရက်ပေါင်း ၆၀ ပေးမှာလို့ အရင်လိုပဲ ရက်ပေါင်း ၆၀ ပေးမယ်။ Silence Day နဲ့ဆိုတော့ အဲဒါ တွက်ကြည့်ကြတဲ့သဘောပေါ့။ ခါတိုင်းလိုပဲ ဟောပြောခွင့်လည်း ပေးသွားမှာပေါ့။”
လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၂၄ ပါတီက တာဝန်ရှိ သူတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲ အတွက် ဆွေးနွေးညှိနှိုင်း မှာဖြစ်ပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက မဲဆန္ဒနယ် ၁ဝ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုတဲ့သဘောအပြင် တိုင်းရင်းသားအားလုံးလိုလားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဖြစ်မြောက်ဖို့ ညီညွတ်တဲ့အသံထွက်ဖို့အတွက် လစ်လပ်နေရာအားလုံးကို ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။