ရွေးကောက်ပွဲရလဒ် ကန့်ကွက်ခံ ရသူ ၆ ဦး ချေပလွှာတင်သွင်း


2017.06.12
union-election-commission-620.jpg ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂ဝ၁၇ ခုနှစ် ဧပြီလ ၂ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်လောင်းများစာရင်း ကြေညာစဉ်
Photo: Union Election Commission FB

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းထားတဲ့ အမှု ၆ မှုနဲ့ပတ်သက်ပြီး ကန့်ကွက်ခံရသူတွေက ရွေးကောက်ပွဲကော်မရှင် ခုံရုံးအသီးသီးမှာ ချေပလွှာတင်သွင်းကြပါတယ်။

ကန့်ကွက်သူတွေနဲ့ ကန့်ကွက်ခံရသူ အားလုံးတက်ရောက်ပြီး ချေပလွှာနဲ့ ရှေ့နေလွှဲ စာတင်သွင်းခဲ့ကြတယ် လို့ ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခံထားရတဲ့ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်အောင် ကပြောပါတယ်။

"ဒီနေ့တော့ အကုန်လုံးလာကြတယ်ဗျ။ လျှောက်ထားတဲ့သူကော၊ လျှောက်ထားခံရတဲ့သူကော ဒါကတော့ ပထမဦးဆုံးအကြိမ်ဆိုတဲ့အခါကျတော့ စွဲချက်တင်တာတို့ အဲဒါမျိုးလောက်ပဲရှိသေးတယ်။ ကိုယ်စားလှယ်လွှဲစာ တင်တာတို့ အဲဒါမျိုးလောက်ပဲရှိသေးတယ်။ အချက်အလက်တွေ တောင်းတုန်းရှိသေးတယ်"

ကန့်ကွက်ခံထားရတဲ့ ၆ မှုထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရကိုယ်စားလှယ်တွေ ကန့်ကွက်ခံထားရတာ ၅ မှုပါဝင်ပြီး အဲဒီကန့်ကွက်လွှာတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်နှစ်တာ မိန့်ခွန်းနဲ့ NLD နာယက သူရဦးတင်ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့ရဲ့ ပြောကြားချက်တွေအပေါ် ကန့်ကွက်ထားမှုတွေ ဖြစ်တာကြောင့် အဲဒီပြောကြားချက်တွေ အပေါ် ပါတီတွေရဲ့ ကန့်ကွက်မှုကို ကော်မရှင်က ပလပ်လိုက်ပြီး ဖြစ်ကြောင်း ချေပလွှာတင်ခဲ့တယ်လို့ ကန့်ကွက်ခံထားရတဲ့ NLD ကိုယ်စားလှယ်တွေက ပြော ပါတယ်။

မုံရွာ၊ ကော့မှူး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လှိုင်သာယာ မြို့နယ်တွေက အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄ ဦးနဲ့ ရှမ်းပြည်နယ်ညောင်ရွှေ မဲဆန္ဒနယ်အမှတ်(၁)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ ကန့်ကွက်ခံထားရတာဖြစ်ပြီး အန်အယ်လ်ဒီပါတီရဲ့ ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းက ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကိုယ်စားလှယ်ကို ကန့်ကွက်ထားတဲ့အမှုတွေ ဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။