လစ်လပ်မဲဆန္ဒနယ် ၁၈ ခုအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ မည်
2016.10.12

လစ်လပ်သွားတဲ့ မဲဆန္ဒနယ်မြေတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွား မှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကော့မှူး၊ ကျေးသီး၊ မိုင်းရှူးစတဲ့ ၉မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်နေရာတွေ လစ်လပ်နေပါတယ်။
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃၊ ပဲခူးတိုင်း မဲဆန္ဒနယ် အမှတ် ၄ နဲ့ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၆တို့မှာ အမျိုးသားလွှတ်တော်နေရာတွေ လစ်လပ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်နယ်လွှတ်တော်တွေမှာတော့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁နဲ့ ၂၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ နဲ့ ၂ တို့ လစ်လပ်နေတာ ဖြစ် ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ကိုယ်စားလှယ်တွေထဲက သမ္မတ၊ ဒုတိယသမ္မတတွေ ၊ ပြည်ထောင်စု ဝန်ကြီးတွေ နဲ့ ပြည်ထောင်စုအဆင့်မှာ ရွေးချယ်တာဝန်ပေးခံရရင် ကိုယ်စားလှယ် အဖြစ် ကနေ နှုတ်ထွက်ရတဲ့အတွက် အဲ့ဒီမဲဆန္ဒနယ်မြေမှာ ကိုယ်စားလှယ်နေရာတွေ လစ်လပ်သွားတာ ဖြစ်ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ အစိုးရသစ်ဖဲ့ွစည်းပြီးနောက် အစိုးရအဖွဲ့ နဲ့ ပြည်ထောင်စု အဆင့်မှာ တာဝန်ပေးခံရသူတွေ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နှုတ်ထွက်လိုက်ရတာကြောင့် လစ်လပ်သွားတဲ့ ကိုယ်စားလှယ်နေရာတွေနဲ့ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် အထွေထွေ ရွေးကောက်ပွဲ မကျင်းပခဲ့ရတဲ့ နေရာ တချို့ အပါအဝင် ၁၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။