ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် NLD ကိုယ်စားလှယ်လောင်း အမည်စာရင်း မြို့နယ်အလိုက် တင်ပြရမည်


2016.11.13
nld-election-campaign-620.jpg NLD ကိုယ်စားလှယ်လောင်းတစ်ဦးရဲ့ မဲဆွယ်ဗီနိုင်းတစ်ခုကို တွေ့ရစဉ်
Photo: RFA

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်တွေကို မြို့နယ်အလိုက် ရွေးချယ်ပြီး ပါတီဗဟိုထံ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား တင်ပြဖို့ ညွှန်ကြားထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်း ဟိန် က ပြောပါတယ်။

လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး NLD ပါတီက လစ်လပ် မဲဆန္ဒနယ် အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက် အစိုးရအဖွဲ့ နဲ့ ပြည်ထောင်စု အဆင့်မှာ တာဝန်ပေးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကိုယ်စားလှယ်အဖြစ်ကနေ နှုတ်ထွက်ရတာကြောင့် လစ်လပ် သွားတဲ့ ကိုယ်စားလှယ်နေရာတွေနဲ့ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် အထွေထွေ ရွေးကောက်ပွဲ မကျင်းပခဲ့ရတဲ့ နေရာတချို့နဲ့ လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်သွားတဲ့ မဲဆန္ဒနယ်တချို့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အတွက် မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကော့မှူး၊ ကျေးသီး၊ မိုင်းရှူးစတဲ့ ၉ မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်အတွက် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃၊ ပဲခူးတိုင်း မဲဆန္ဒနယ် အမှတ် ၄ နဲ့ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၆ တို့မှာ ကိုယ်စားလှယ်တွေ လစ်လပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်လွှတ်တော်တွေမှာတော့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁နဲ့ ၂၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ နဲ့ ၂ တို့မှာ ကိုယ်စားလှယ်တွေ လစ်လပ်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။