USDP အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ အလားအလာကောင်းနိုင်ကြောင်း USDP ကိုယ်စားလှယ်ပြော
2017.04.02

ချောင်းဆုံမြို့နယ်မှာ အနိုင်ရရှိတာဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပြည်သူတွေ လက်ခံတဲ့ သဘောဖြစ်တဲ့အတွက် လာမယ့် ၂၀၂၀ မှာလည်း ပါတီအတွက် အလားအလာ ကောင်းနိုင်ကြောင်း မွန်ပြည် နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရရှိသွားတဲ့ USDP ကိုယ်စားလှယ် ဦးအောင်ကြည်သိန်း က ပြောပါတယ်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ အန်အယ်လ်ဒီပါတီ၊ မွန်နှစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့နဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ USDP ပါတီ ကိုယ်စားလှယ် ဦးအောင်ကြည်သိန်း က မနေ့က မဲလက်မှတ်တွေ ရေတွက် အပြီးမှာ ပြောတာဖြစ်ပါတယ်။
"အဲဒါတွေ ကျနော်တို့ USDP က နိုင်တဲ့အတွက်ကြောင့်မို့လို့ ၂ဝ၂ဝ အတွက်တော့ အများကြီး နည်းနည်းတော့ အလားအလာရှိသွားတာပေါ့၊ ကျနော်တို့ ကြိုးစားခွင့်ရှိသွားတာပေါ့၊ အခု ပြည်သူတွေက ကျနော်တို့ကို လက်ခံတယ်ဆိုတဲ့ သင်္ကေတလေးဖြစ်သွားတာပေါ့နော်၊ အဲဒါဖြစ်သွားတဲ့အကြောင်းမို့လို့ ကျနော်ထပ်ပြီးတော့မှ ကျန်နေတဲ့ ၄ နှစ် အတောအတွင်းမှာ ထပ်ပြီးတော့ ကြိုးစားလိုက်ရင်တော့ ကျနော်တို့ပါတီရဲ့ အောင်မြင်မှုတော့ ဒီဒေသတော့ဖြစ်လာမှာပေါ့"
မဲရုံ ၆၂ ရုံနဲ့ မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းနှစ်သောင်းကျော်ရှိတဲ့ ချောင်းဆုံမြို့နယ်မှာ ၅သောင်းနီးပါးသာ ဆန္ဒမဲပေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီမဲဆန္ဒနယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးအောင်ကြည်သိန်း က မဲ နှစ်သောင်းနီးပါးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးအေးဝင်းက ဆန္ဒမဲ တစ်သောင်းနှစ်ထောင်ကျော်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးဝင်းထွဋ်က မဲ တစ်သောင်းဝန်းကျင် ရရှိခဲ့ကြတာဖြစ်ပါတယ်။
ချောင်းဆုံမဲဆန္ဒနယ်ဟာ မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံကို ဆက်သွယ်ထားတဲ့ တံတားအမည်ကိစ္စနဲ့ ပတ်သက်ပြီး NLD အစိုးရ နဲ့ လွှတ်တော်ကို ကန့်ကွက်မှုတွေ ရှိခဲ့တာကြောင့် NLD၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးနဲ့ မွန်ပါတီ တို့အကြား ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့တဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။