ဖမ်းဆီးခံထားရတဲ့ ဗျိုင်းဖြူရွာသားလေးဆယ်ကျော်ကို ထောင်ပြောင်းရွှေ့
2024.06.11
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေထဲက လူလေးဆယ်ကျော်ကို ဇွန်လ ၁၁ ရက်နေ့က အချုပ်ထောင်ကို ပို့လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒီနေ့မနက်က ကားနှစ်စီးနဲ့ လူလေးဆယ်လောက်ကို အချုပ်ထောင်ထဲကို ပို့လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီနေ့မနက်က ကားနှစ်စီးနဲ့ လူပေါင်းလေးဆယ်လောက်ကို အချုပ်ထောင်ကို ပို့လိုက်တယ်လို့ သိရတယ်၊ ရွာကလူတွေပေါ့၊ အသက် ၅၀ ကျော်အထိ လူလတ်ပိုင်းတွေပါတယ်၊ သူတို့က ထောင်ချမယ်လို့ပြောတယ်၊ ကျွန်တော်တို့ သွားကြည်တော့ တော်တော်လေး ညှဉ်းပန်းနှိပ်စက်ထားတယ် စစ်ကြောရေးမှာ၊ အဲထဲမှာ ကျွန်တော်ဦးလေးလည်း ပါတယ်၊ ထောင်ကိုပို့တဲ့အထဲမှာ၊"
သူတို့ကို ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တခါတည်းထောင်ချနိုင်တဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက တရားစွဲပြီး ထောင်ချဖို့လုပ်နေတာလို့လည်း ဆိုပါတယ်။
သူတို့ကို ရှေ့နေငှားခွင့်မပေးသလို့ ဘယ်လိုပုဒ်မတွေတပ်ပြီး တရားစွဲတယ်ဆိုတာလည်း မသိရဘူးလို့ ပြောပါတယ်။
ဒီဗျိုင်းဖြူဒေသခံတွေကို အချုပ်ထောင်ကိုပို့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။ RFA အနေနဲ့ ဒေသခံတွေကို ထောင်ပို့လိုက်တယ်ဆိုတာနဲ့ ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲတယ်ဆိုတာနဲ့ ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဗျိုင်းဖြူရွာရှိ ဒေသခံတစ်ရာကျော်ကို စစ်ကောင်စီ ဖမ်းဆီးကာ စစ်ကြောရေးမှာ စစ်ဆေးနေတာဖြစ်ပြီး အဲအထဲက ၄၇ ဦးကို ဇွန်လ ၇ ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ဗျိုင်းဖြူရွာကို မေလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်သား အင်အား ၁၇၀ လောက်က ကား ခုနစ်စီးနဲ့အတူ တစ်ရွာလုံးကို ပိတ်ဆို့ဖမ်းဆီးခဲ့ပြီး အရပ်သား ၇၆ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၄ ရက် မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ လူနေအိမ်တချို့ကို မီးရှို့တာနဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို လုယူတာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သလို ထောင်နဲ့ချီတဲ့ ရွာသားတွေကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားဆဲဖြစ်တယ်လို့ AA က ပြောထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဗျိုင်းဖြူရွာ မြောက်ဘက်က ကံပြင်ရွာဟောင်းနဲ့ ကံပြင်ရွာသစ်ကနေ စစ်တွေမြို့ထဲကို ဒရုန်းဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူရွာထဲ နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကတစ်ဆင့် ဇွန်လ ၃ ရက်နေ့မှာ ပြောထားပါတယ်။
အဲဒီနေ့က လုံခြုံရေးစစ်ဆေးနေစဉ် ဗျိုင်းဖြူရွာသား မဟုတ်တဲ့ လူသုံးဦးဟာ စစ်ကောင်စီတပ်သားတစ်ဦးဆီက သေနတ်လုယူခဲ့တာကြောင့် ပြန်ပစ်ခတ်ခဲ့စဉ် အဲဒီလူသုံးဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ AA စွပ်စွဲထားသလို ရွာသား ၇၆ ယောက်ကို အစုလိုက် အပြုံလိုက်သတ်ဖြတ်တာ မရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။