ကောင်းကင်ကေဘယ်ကား ဒီဇင်ဘာမှာ စတင်အသုံးပြုနိုင်မည်
2017.11.18

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားကို မြန်မာပြည်ရဲ့ပထမဆုံး ကောင်းကင်ကေဘယ် ကားနဲ့ လာမယ့် ဒီဇင်ဘာလမှာ သွားရောက်နိုင်မှာဖြစ်တယ်လို့ Sky Asia ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစောရွှေအောင်က ဒီနေ့ ပြောပါတယ်။
Sky Asia ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစောရွှေအောင်က ကေဘယ်ကားစတင်အသုံးပြုနိုင်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
"အရင်အပိုင်းကတော့ အခက်အခဲတွေရှိတာပေါ့လေ။ အခုတကယ် ဦးတို့ ရတနာရွှေစင်ကြီးကနေ တာဝန်ယူတည်ဆောက်တာကတော့ တစ်နှစ်ကျော်ကျော်ပဲ။ တစ်နှစ်ကျော်ကျော်နဲ့ ဒါက တော်တော်များများ ပြီးသွားတယ်ပေါ့။ အခု ပြီးမှာက အခု ဒီ cable car ကို ဖွင့်ဖို့ဆိုတာ ဒီဇင်ဘာ ဒုတိယအပတ် ဒါမှမဟုတ် ဒီဇင်ဘာ တတိယအပတ်လောက်ပေါ့နော် ခန့်မှန်းထားတယ်။ လူတိုင်းကလည်း စိတ်ဝင်စားနေတယ်။ မြန်မာပြည်မှာကလည်း ဒါ ပထမဦးဆုံး project ဆိုတော့လေ။ အကုန်လုံးလည်း စိတ်ဝင်စားတယ်"
ကေဘယ်ကားကို ရသေ့တောင်ကနေ ရင်ပြင်တော်အထိ တစ်ယောက်ကို ကျပ် ၃ ထောင်၊ နိုင်ငံခြားသားတစ်ဦးကို ၁၀ ဒေါ်လာ သတ်မှတ်ထားပြီး အတွဲ ၄၃ တွဲနဲ့ ပြေးဆွဲမှာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖြစ် တစ်နေ့ကို အမှိုက်တန်ချိန် ၃ တန်နီးပါး မီးရှို့ဖျက်စီးနိုင်တဲ့ အမှိုက် မီးရှို့စက်၊ အများသုံးအိမ်သာတွေက ရေတွေကို သန့်စင်နိုင်တဲ့ ရေသန့်စက်တွေ ထားရှိပေးသွားမယ်လို့လည်း သိရပါတယ်။
Sky Asia ကုမ္ပဏီဟာ ဒီစီမံကိန်းအတွက် ဒေါ်လာသန်း၂၀ကျော် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ကျိုက်ထီးရိုး တောရိုင်းဘေးမဲ့တော နယ်မြေအတွင်းမှာရှိတဲ့ မြေ ၁၃ ဧကမှာ ၂၀၁၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။