ကယန်း ပဒေါင် အမည်သုံးစွဲရေး ဆွေးနွေးဆုံးဖြတ်


2014.01.11
kayan-women-305.jpg ကယန်း(ပဒေါင်) အမျိုးသမီးများကို တွေ့ရစဉ်
photo: RFA/ Nay Thwae

လာမယ့် မတ်လမှာ ပြုလုပ်မယ့် ပြည်လုံးကျွှတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ကယန်း တိုင်းရင်းသား မျိုးနွယ်စုတွေအနေနဲ့ ကယန်း ပဒေါင်ဆိုတဲ့ နာမည်ကိုသာ ရွေးချယ်ကြဖို့ ကယန်းတိုင်းရင်းသားရေးရာ အဖွဲ့စည်းတွေက  ဒီကနေ့မှာ ဆုံးဖြတ်လို့က်ကြပါတယ်။

ကယားပြည်နယ် လွိုင်ကော်မှာ ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပတဲ့ ကယန်းတိုင်းရင်းသားပါတီတွေ၊ လက်နက်ကိုင် အဖွဲ့စည်းတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့စည်းတွေ ပါဝင်ဆွေးနွေးတဲ့ သန်းခေါင်စာရင်း ကောက်ယူမှု ဆိုင်ရာ ဆွေးနွေးပွဲကနေ ခုလို ဆုံးဖြတ်ခဲ့တာပါ။

အစိုးရရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုပုံစံမှာ တိုင်းရင်းသား ၁၃၅ မျိုး သတ်မှတ်ထားပြီး အဲဒီမှာ ကယန်း တိုင်းရင်းသား မျိုးနွယ်စုဝင်တွေဖြစ်တဲ့ ကယန်းပဒေါင်၊ ဂေဟို၊ ယင်းဘော်၊ ဇယိန်း ဆိုပြီး ၄ မျိုး ထပ်ခွဲထားတာကို ကန့်ကွက်ကြောင်း ပြောပါတယ်။  ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကယန်းအမျိုးသားပါတီ အတွင်းရေးမှူးနဲ့ ကယန်းစာပေနဲ့ ယဉ်ကျေးမှုအသင်း အတွင်းရေးမှုးဖြစ်တဲ့  ဦးနန်းရီက RFA ကို ခုလိုပြောပါတယ်။

“၄ မျိုးက တကယ်တန်းပြောရင် လူမျိုးအဆင့်မဟုတ်ဘူး၊ မျိုးနွယ်စုအဆင့်ပဲရှိတယ်လေ၊ ကျနော်တို့ လူမျိုးအမည်က အားလုံးက ကယန်း ပဒေါင် ပဲဖြစ်ရမယ်လေ”

ဒီနေ့ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ သန်းခေါင်စာရင်း ပညာပေးရေး ကော်မတီတွေကိုလည်း ဖွဲ့စည်းခဲ့သလို အဲဒီကော်မတီတွေက ကယန်းတိုင်းရင်းသားတွေနေထိုင်တဲ့ ကယားပြည်နယ် ၊ ရှမ်းပြည်နယ်တောင်ပိုင်း ၊ နေပြည်တော် ပျဉ်းမနားအရှေ့ပိုင်းနဲ့ ကရင်ပြည်နယ် သံတောင်မြို့နယ်တွေမှာ သန်းခေါင်စာရင်း ပညာပေးမှုတွေ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ခုလိုမျိုးနွယ်စုတွေကို တိုင်းရင်းသားတွေအဖြစ် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းမှာ ဖော်ပြထားတာကို လွှတ်တော်ကို တင်ပြကန့်ကွက်သွားဖို့ ဒီကနေ့ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို လာမဲ့ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၂ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ကယန်းစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှုးနဲ့ ကယန်းအမျိုးသားပါတီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးနန်းရီကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီအတောအတွင်း လာမယ့် မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁၀ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူဦးရေသန်းခေါင်စာရင်း ကောက်ယူမယ့်ကိစ္စဟာ နိုင်ငံအတွက် လိုအပ်ချက်ကြောင့် ပြင်ဆင်မှုတွေ လုပ်ဆောင်နေသလို လူမျိုးအဖြစ် သတ်မှတ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်တာတွေ ရှိနေသလို လူမျိုးအဖြစ် သတ်မှတ်တဲ့အပေါ်မှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

တိုင်းရင်းသားလူမျိုး ခေါင်းဆောင်တစ်ချို့ကို မေးမြန်းပြီး RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။