အစိုးရသစ်၏ အလုပ်သမား ဥပဒေကို ကန့်ကွက်ဖို့တိုက်တွန်း

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ရဲ့ အကြိမ် ၁၀၀ မြောက် ညီလာခံမှာ မြန်မာ အစိုးရသစ်က သူတို့ စိတ်ကြိုက် ရေးဆွဲထားတဲ့ အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ အတုအယောင် ဥပဒေတရပ် တင်ပြဖို့ စီစဉ် ပြင်ဆင်နေတဲ့အတွက် နိုင်ငံတကာ အစိုးရတွေနဲ့ အလုပ်သမားအဖွဲ့တွေက ကန့်ကွက်ကြဖို့ ထိုင်းနိုင်ငံအခြေစိုက် FTUB မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ချုပ်က မေလ ၁၈ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

2011.05.18
ilo_conference_305_z ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ (အိုင်အယ်လ်အို) ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ဌာနချုပ်တွင် ညီလာခံ ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

လာမယ့် ဇွန်လ (၁) ရက်နေ အိုင်အယ်လ်အို ညီလာခံမှာ တင်ပြမယ့် မြန်မာအစိုးရရဲ့ ဥပဒေဟာ အိုင်အယ်လ်အို ပြဌာန်းချက် (၈၇) ဖြစ်တဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ကို ချိုးဖောက်တဲ့ ဥပဒေတရပ်သာ ဖြစ်လာလိမ့်မယ်လို့ FTUB ရဲ့ လက်ထောက် အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းအောင်က RFA ကို ပြောပါတယ်။

“ILO အနေနဲ့ အဓိက ချမှတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေထဲက တခုဖြစ်တဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ပေါ့။ အလုပ်သမားတွေ အနေနဲ့၊ လယ်သမားတွေ အနေနဲ့ သူတို့ ဘဝတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ဆိုရင် သူတို့ ကိုယ်တိုင်ကာကွယ်ဖို့ လွတ်လွတ်လပ်လပ် အသင်းအပင်း ဖွဲ့စည်းခွင့် ရှိဖို့ လိုပါတယ်။ ဒါကို ILO ကလည်း အပြည့်အဝ အသိအမှတ် ပြုထားပြီးသားပါ။ ဒီ ပြဋ္ဌာန်းချက် အမှတ် ၈၇ ကို ဗမာနိုင်ငံအစိုးရ လက်တွေ့ အကောင်အထည် ဖော်မှု မရှိသေးတဲ့အချက် အဲဒါကိုလည်း ကျွန်တော်တို့က တင်ပြသွားဖို့ ရှိပါတယ်။ အဲဒါအပြင်ကို သူတို့ အနေနဲ့ပေါ့နော်၊ ILO ရဲ့ ပူးပေါင်းကူညီမှုနဲ့အတူ အလုပ်သမား ဥပဒေအသစ်တွေ ပြဋ္ဌာန်းမယ်၊ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်တွေ ကာကွယ်တဲ့ အလုပ်သမား ဥပဒေသစ်တွေ ပြဋ္ဌာန်းမယ်ဆိုပြီး သူတို့ ပြောလာပါတယ်။ တကဲ့တကယ်ကျတော့ ILO နဲ့ ညှိနှိုင်းတိုင်ပင်မှု မရှိသလောက်ပဲလို့ ကျွန်တော်တို့ သိရပါတယ်။ ”

မြန်မာနိုင်ငံမှာ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေတရပ် ပြဌာန်းဖို့ ရှိတယ်လို့ ပြောနေကြပေမဲ့ အိုင်အယ်လ်အို အနေနဲ့ ဘာမှမသိရှိတာ တွေ့ရကြောင်း၊ ဒါ့အပြင် အလုပ်သမား လယ်သမား အခွင့်အရေး၊ အဓမ္မ စေခိုင်းမှုတွေနဲ့ ပတ်သက်ပြီး အိုင်အယ်လ်အိုက အကြံပြုထာခဲ့တဲ့အချက်တွေ ကို မြန်မာအစိုးရဘက်က လိုက်နာ ဆောင်ရွက်ခြင်း ရှိ မရှိ စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး သုံးသပ်ဖို့ လိုအပ်ကြောင်းလည်း FTUB က တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။