အာဆီယံကိုယ်စားလှယ်ဝင်ခွင့်ပြုဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် တိုက်တွန်း

2022.01.26
အာဆီယံကိုယ်စားလှယ်ဝင်ခွင့်ပြုဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် တိုက်တွန်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၂ ဇန်နဝါရီ ၂၆ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်နဲ့ တွေ့ဆုံခဲ့စဉ်
Photo : Samdech Hun Sen, Cambodian Prime Minister

မြန်မာပြည်ပြဿနာပြေလည်ရေးအတွက် မနှစ်က ဧပြီလမှာချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်ထဲက အချက်နံပါတ် (၃) ဖြစ်တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက ခန့်အပ်တဲ့ အထူးကိုယ်စား လှယ်ဝင်ခွင့်ပေးဖို့နဲ့ အချက်နံပါတ် (၄) ဖြစ်တဲ့ လူသားချင်း စာနာမှု အကူအညီပေးတဲ့အခါမှာ ပံ့ပိုးဆောင်ရွက်ဖို့ မြန်မာစစ်ခေါင်းဆောင်ကို ကမ္ဘော ဒီးယားဝန်ကြီးချုပ်က ဒီနေ့ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

အာဆီယံအသင်း အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အွန်လိုင်းဗီဒီယိုကနေ တဆင့် ဒီနေ့ ဆွေးနွေးပွဲမှာ တိုက်တွန်းလိုက်တဲ့အကြောင်း ဝန်ကြီချုပ် ဟွန်ဆန်ရဲ့ ဖေ့စ် ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ၂၀၂၁ ခု၊ ဧပြီ ၂၄ ရက်နေ့ ပြုလုပ်တဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးကနေ ထုတ်ပြန်လိုက်တဲ့ ဘုံသဘောတူညီ ချက် ငါးချက်ကတော့

၁။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ ၂။ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေ တစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြဖို့၊ ၃။ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊ ၄။ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့၊ ၅။ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ် နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ တို့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။