လုံခြုံရေးကြောင့် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် ဖျက်သိမ်း
2023.11.22

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားမှာ (၁၇) ကြိမ်မြောက် ကျင်းပမယ့် တန်ဆောင်တိုင်ပွဲတော်ကို လုံခြုံရေးကြောင့် ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အကြောင်းကြားလာတယ်လို့ ပွဲတော်ကျင်းပရေး ကော်မတီနဲ့ နီးစပ်သူတွေနဲ့ မြို့ခံတွေက ပြောပါတယ်။
အဲဒီပွဲတော်ကို နိုဝင်ဘာလ ၂၄ ရက်နေ့ကနေ ၂၈ ရက်အထိ စတိတ်ရှိုး အစီအစဉ်တွေ၊ ဈေးရောင်း ပွဲတော်တွေနဲ့ မီးပုံးပျံ လွှတ်တင်မယ့် အစီအစဉ်တွေနဲ့ပါ ကျင်းပဖို့ ပြင်ဆင်ထားတာလို့ ဆိုပါတယ်။
လုံခြုံရေး အခြေအနေကြောင့် ပွဲဖျက်သိမ်းကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့မှာ စစ်ကောင်စီ တပ်ဘက်က ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပွဲတော်ကျင်းပရေး ကော်မတီနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“လုံခြုံရေးအရ မလုပ်ဖြစ်ဘူးလို့ သိရပါတယ်။ ပွဲကျင်းပရေး ကော်မတီတွေကို ၂၀ ရက်နေ့ ညက ပျက်သွားပြီဆိုတဲ့အကြောင်းကို ဖုန်းဆက်ပြီးတော့ အကြောင်းကြားလိုက်တာပါ”
ပြင်ဦးလွင်မြို့နဲ့ မိုင် နှစ်ဆယ်ဝန်းကျင်သာ ဝေးတဲ့ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ်အတွင်းမှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြင်ဦးလွင်မြို့ပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေး အပြည့်ယူထားပေမယ့် တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သိပ်မဝေးတာကြောင့် အခုလို ဖျက်သိမ်းလိုက်တာ ဖြစ်နိုင်တယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခု မြို့တွင်း ပတ်ပတ်လည်မှာလည်း အကုန်လုံး လုံခြုံရေးတွေ အပြည့် ယူထားကြတယ်။ ဖြစ်တဲ့နေရာနဲ့ မိုင် သိပ်မဝေးဘူးလေ။ မိုင်က သိပ်မဝေးတဲ့အခါကျတော့ မတော်တဆ ဖြစ်လာခဲ့ရင် ဆိုတာကို သူတို့ လုံခြုံရေးအရ ပိတ်လိုက်တယ်လို့ ကျွန်တော်ထင်တယ်”
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ နေ့လယ်ပိုင်း တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ ဒီတန်ဆောင်တိုင်ပွဲတော် မကျင်းပဖြစ်ရင် တရားဝင် ကြေညာမယ်လို့ အကြောင်းပြန်ပါတယ်။
ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်ကို မဟာအံ့ထူးကံသာ ဘုရားပွဲတော်နဲ့အတူ နှစ်စဉ် ကျင်းပလေ့ရှိပြီး ၂၀၂၂ ခုနှစ်၊ မနှစ်ကလည်း ကျင်းပခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။