ကိုယ်စားလှယ်လောင်းကိစ္စကြောင့် NLD ပါတီဝင်တချို့ နှုတ်ထွက်
2015.08.03
ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ကို ကိုယ်စားပြုပြီး အန်အယ်လ်ဒီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဗဟိုက ရွေးချယ်ပေးလိုက်တဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦးကို လက်မခံတဲ့အတွက် ရန်ကင်းမြို့နယ်က မြို့နယ်အဆင့် တာဝန်ရှိသူ ၁၆ ဦး တနင်္လာနေ့က နှုတ်ထွက်စာတင်လိုက်ကြောင်း သိရပါတယ်။
အောက်ခြေပါတီဝင်တွေရဲ့ သဘောဆန္ဒနဲ့ တင်ပေးခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကို မရွေးချယ်တဲ့ အတွက်ကြောင့် နှုတ်ထွက်တာဖြစ်တယ်လို့ နှုတ်ထွက်စာ တင်ရာမှာ ပါဝင်ခဲ့သူ ရန်ကင်းမြို့နယ် တွဲဘက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်ဘုန်းေ၀ က ပြောပါတယ်။
"ကျမတို့မြို့နယ်ရဲ့အခြေအနေကို ကျမတို့ကအသိဆုံးလေ၊ အဲ့ဒီလူတွေရဲ့ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ၊ နိုင်ငံရေးပိုင်းဆိုင် ရာ၊ အစည်းအဝေးပိုင်းဆိုင်ရာကို ဘယ်တုန်း ကမှ၊ ဘယ်သူနဲ့မှ ထိစပ်မှုလည်းမရှိဘူး၊ ပါတီတွင်းအင်အားမှာလည်း ရင်းနှီးမှုမလုပ်နိုင်ဘူး၊ အဲ့လိုလူမျိုးတွေကိုချပေးလိုက်တာဖြစ်တဲ့အတွက် အောင်နိုင်ရေးကို ကျမတို့ဘယ်လို စခန်းသွား မလဲ၊ ဗဟိုကချပေးရင်လည်း သင့်တော်တဲ့သူ၊ တစ်ကယ်လုပ်နိုင်ကိုင်နိုင် တဲ့သူကိုချပေးရင်ကျေနပ်ပါတယ်၊ အဲ့ဒီပေါ် မှာကျမတို့နှုတ်ထွက်ရခြင်းဖြစ်တယ်"
အန်အယ်လ်ဒီပါတီ ဗဟိုက ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်ခဲ့ တဲ့ ဒေါ်သီတာမော်နဲ့ ဦးသိန်းဇော် တို့ကို လက်မခံတဲ့ အတွက် နှုတ်ထွက်စာတင်ခဲ့ကြတာ ဖြစ်ကြောင်းသိရပါတယ်။
ဒီအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၁ မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှုမောင်ဟာ ကိုယ်စားလှယ်လောင်းအဖြစ် ကနေ တနင်္လာနေ့က နှုတ်ထွက်စာတင်လိုက်ပါတယ်။
ဦးရှုမောင်ဟာပြည်သူ့လွှတ်တော်အတွက် အဆိုတင်ခဲ့ရာမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဗဟိုက သတ်မှတ်ပေးလိုက်တဲ့အတွက် လက်မခံနိုင်တာကြောင့် စာတင်လိုက်တာ ဖြစ်ကြောင်း ခန္တီးခရိုင် အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်ဆယ်ဆယ်နောင်က ပြောပါတယ်။
"သတင်းထုတ်ပြန်ချက်အရ ခန္တီးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအား လျှောက်ထားသူ ဦးရှုမောင်အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်မဟုတ်ဘဲ ခန္တီးမြို့နယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်ရ မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ဆုံးဖြတ်ခဲ့သည် ကိုတွေ့ရသည်၊ ထို့ကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ဆုံးဖြတ်မှုအား လက်မခံသည့်အတွက် အမျိုးသား လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ်မှ တရားဝင်နှုတ်ထွက်အပ်ပါသည်"
ခန္တီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၈ ဦး ကို ပါတီဗဟိုထံ ကိုယ်စား လှယ်လောင်း အမည်တင်သွင်းခဲ့ပြီး ဗဟိုက အမျိုးသား လွှတ်တော်အတွက် ဦးရှုမောင်၊ ပြည်သူ့လွှတ်တော်အတွက် ဦးအောင်သန်းစိန်၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ဦးမောင်တေးနဲ့ ဦးသိန်းလှိုင်ဝင်း တို့ကို ရွေးချယ်ခဲ့တာဖြစ် ပါတယ်။