မဲဆွယ်မှု မလုပ်ဖို့ တားမြစ်သူ အရေးယူပေးဖို့ တိုင်ကြား


2015.09.27
panwah-bgf-1002-620.JPG မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်လက်အောက်ခံ အစိုးရရဲ့နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားတဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ဋ္ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့ကိုတွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်အထူးဒေသ ( ၁ ) ထာဝရငြိမ်းချမ်းရေးနယ်မြေအတွင်း နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေး မလုပ်ဖို့ တားမြစ်ခဲ့တဲ့ ဦးဇခုန်တိန့်ယိန်းကို အရေးယူပေးဖို့ အဲ့ဒီဒေသတွေဘက်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား လိုက်ပါတယ်။

မြစ်ကြီးနားခရိုင် ချီဖွေနဲ့ ဆော့လော်မြို့တွေဘက်မှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ NLD ပါတီရဲ့လွှတ်တော် ကိုယ်စား လှယ်လောင်း ၇ ဦးက ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ ပုဒ်မ ၅၇ နဲ့အရေးယူဖို့ အမှုဖွင့်တိုင်ကြားလိုက်တာ ဖြစ် တယ်လို့ NLD ပါတီရဲ့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦး က ပြော ပါတယ်။

"ကျနော်တို့ရွေးကောက်ပွဲ ဥပဒေမှာပါတယ်၊ အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်းမဲပေး ပိုင်ခွင့်ရှိတယ်၊ နောက် ပြီးတော့ လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ပိုင် ခွင့်ရှိတယ်၊ အဲ့ဥပဒေတွေကို ဦးဇခုန်တိန့်ယိန်းက ချိုးဖောက်တဲ့အတွက်ကြောင့် အရေးယူ ဆောင်ရွက်ပေးဖို့တင်ပြရခြင်းဖြစ်ပါတယ်၊ ဒီကော်မရှင်ကနေ၊ ဒီအစိုးရ ကနေဒါတွေကို ရွေးကောက်ပွဲလုပ်ပါမယ်ဆိုပြီး သူကကြေညာထားတာ၊ တကယ်လို့ သူကရွေးကောက်ပွဲမလုပ် ဘူးဆိုရင် ကျနော်တို့ဒါတွေကို တိုင်စရာအကြောင်းမရှိဘူး "

ကချင်အထူးဒေသ ( ၁ )နယ်မြေဖြစ်တဲ့ ဝိုင်းမော်မြို့နယ်ထဲက ရွာတချို့၊ ချီဖွေနဲ့ ဆော့လော်မြို့နယ် အတွင်းက ရွာတွေမှာ မဲဆွယ်စည်းရုံးမှု မလုပ်ဖို့ ဦးဇခုန်တိန့်ယိန်း လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ စက်တင် ဘာ ၂၂ ရက်နေ့ က ပန်ဝါမြို့မှာ NLD ကိုယ်စားလှယ်လောင်းတွေကို အကြောင်းကြားစာပေးခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အဲ့ဒီဒေသဘက်မှာ မဲဆွယ်စည်းရုံးရေးသွား ရောက်ခဲ့တဲ့ လီဆူ အမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ လော်ဝေါ်အမျိုးသား စည်းလုံးညီညွှတ်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စား လှယ်တွေကိုလည်း မဲဆွယ် စည်းရုံးရေးမလုပ်ဖို့ ထာဝရငြိမ်းချမ်းရေး အဖွဲ့တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်အထူးဒေသ ( ၁ )ခေါင်းဆောင်ဦးဇခုန်တိန့်ယိန်းကို လာမဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကျရင် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက အကြောင်းကြားထားပါတယ်။

ပန်ဝါမြို့အခြေစိုက် ကချင်ပြည်နယ် အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းဟာ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ် သလို လာမယ့်ရွေးကောက်ပွဲမှာလည်း ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်သုံးခု အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် ၅ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။