ကိုယ်စားလှယ်လောင်းများ အကြိမ်ကြိမ်အပယ်ခံနေရလို့ ဗဟိုသို့ စာတင်မည်


2015.09.12
democarcy-human-rights-party-620.JPG ၂ဝ၁၄ ခုနှစ် အောက်တိုဘာလကပြုလုပ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ သတင်းစာရှင်းလင်းပွဲမှာ ပါတီဥက္ကဋ္ဌ ဦးကျော်မင်း ကို တွေ့ရစဉ်
Photo: RFA

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်လောင်း ၁၇ ဦးကို တိုင်းနဲ့ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံပယ်ချခံရတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ စာပေးပို့တင်ပြ သွားမယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ပြောပါတယ်။

ကိုယ်စားလှယ်လောင်း အမည်စာရင်း ၁၈ ယောက်တင်သွင်းရာမှာ ၁၇ ယောက် ပယ်ချခံရတဲ့အတွက် ပြန်လည် သုံးသပ်ပေးဖို့ ကော်မရှင်ကို တင်ပြမှာဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်း က ပြောပါတယ်။

"ကျနော်တို့ဟာ အဆိုပြုလွှာတင်တဲ့အထဲမှာ ၂ဝ၁ဝ ထဲမှာ အရွေးချယ်ခံခဲ့တဲ့ ပုဂ္ဂိုလ်တချို့လည်း ပါပါတယ် အရွေးခံခွင့်ရခဲ့တယ်၊ အခုကျတော့ မရဘူးဖြစ်နေတယ်၊ အဲ့ဒီတော့ ကော်မရှင်ဥပဒေကို ကော်မရှင်အနေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုတာ တစ်ချိန်နဲ့တစ်ချိန်က မတူဘူးဖြစ်နေတယ်၊ အဲ့ဒါကိုပြန်လည် သုံးသပ်ပေးဖို့ ကျနော်တို့ စဉ်းစားကြည့်တာပေါ့၊ ဘာများဆက်လုပ်ဖို့ရှိလဲဆိုတော့ ဗဟိုကပယ်ရင်တော့ အရွေးမခံဘဲနေရမှာပဲ၊ ကျနော်တို့ဝင်ပြိုင်တဲ့နေရာ တစ်နေရာပဲရှိတော့မယ်"

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးပါတီက ရခိုင်ပြည် နယ်မှာ ကိုယ်စားလှယ်လောင်း ၁၁ ဦးနဲ့ ရန်ကုန်တိုင်းမှာ ၇ ဦး အမည်စာရင်း တင်သွင်းခဲ့ရာမှာ ၁၇ ဦး ပယ်ချခံခဲ့ ရတာ ဖြစ်ပါတယ်။

ပယ်ချခံရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မိဘနှစ်ပါးက နိုင်ငံသားမဖြစ်သေးလို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ပယ်ခံရတာများတယ်လို့ သိရပါတယ်။ အဲ့ဒီပယ်ချခံရသူတွေဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီဝင် အများစုဟာ အစ္စလာမ်ဘာသာဝင် အများစုဖြစ်ပါတယ်။

အဲ့ဒီကိုယ်စားလှယ်လောင်းတွေဟာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ ပယ်ချခံရတဲ့အတွက် တိုင်းနဲ့ပြည်နယ် ကော်မရှင်တွေမှာ အယူခံဝင်ခဲ့ပေမယ့် ထပ်မံပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။