စည်ပင်ဥက္ကဌ အရွေးခံရသူကို ပြိုင်ဘက်များက ကန့်ကွက်
2015.01.09

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်တင်မြှောက်ပွဲမှာ မြောက် ဥက္ကလာပနဲ့ တာမွေမြို့နယ်တွေက စည်ပင်သာ ယာရေးကော်မတီ ဥက္ကဌနေရာအတွက် အရွေးချယ် ခံခဲ့ရသူ နှစ်ဦးကို ပြိုင်ဘက်ကိုယ်စားလှယ်တွေက ကန့်ကွက်ကြောင်း စည်ပင်ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတယ်လို့ သိရပါတယ်။
ကန့်ကွက်စာတွေအတွက် မြို့တော်ကော်မရှင်က ခုံရုံးဖွဲ့စစ်ဆေးနေပြီး ဒီလအကုန်မှာ အပြီးသတ် အဖြေတွေ ထုတ်ပေးနိုင်မှာဖြစ်တယ်လို့ ကော်မရှင် အဖွဲ့ဝင် ဦးဇော်မင်းလှိုင်က ပြောပါတယ်။
"ကျနော်တို့က ဗဟိုအဖွဲ့ဖွဲ့ပြီးတော့ စိစစ်ခိုင်း ထားပြီးပြီလေ၊ အဲ့ဒီခုံအဖွဲ့က စိစစ်တွေ့ရှိချက်အရ ဆုံးဖြတ်မှာပေါ့နော်၊ ဒီလမကုန်ခင်လောက်ရမယ်လေ၊ ကန့်ကွက်တာကတော့ သူတို့မဲရရှိမှုအပေါ်မှာ မဖြစ်နိုင်ဘူးပေါ့နော်၊ ဒီအဖြေဟာ မဖြစ်နိုင်ဘူးဆိုပြီးတော့ အဲ့လိုမျိုး ကန့်ကွက်တာ၊ ရွေးကောက်ပွဲဆိုင် ရာ တရားမဲ့ပြုကျင့်မှုအရ ကန့်ကွက်တာပေါ့နော်၊ အဲ့ ၂ ခုပေါ့"
မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌအဖြစ်အရွေးခံရတဲ့ ဦးဌေးဦးဟာ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့နေ့မှာ မဲဆွယ်စည်းရုံးမှုတွေရှိခဲ့တယ်ဆိုပြီး အဲ့ဒီမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးမြင့်လွင်က ကန့်ကွက်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌအဖြစ်အရွေးခံရတဲ့ ဦးသန်းဌေးကိုလည်း သူအနိုင် ရရှိခဲ့တဲ့မဲတွေနဲ့ ပတ်သက်ပြီး သံသယရှိတယ်ဆိုပြီး အဲ့ဒီမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဆန်းမြင့်အောင်က ကန့်ကွက်ထားပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပ ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပအပြီး ၂ ရက်အကြာမှာ ရွေးချယ်ခံရသူစာရင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ် ပါတယ်။
အဲ့ဒီလိုကြေညာပြီး ရက်ပေါင်း ၆ဝ အတွင်း ကန့်ကွက်လိုသူတွေက အာမခံကြေး ကျပ် ၅ သိန်းပေးသွင်းပြီး ကန့်ကွက်နိုင်တယ်လို့ သိရပါတယ်။