ကိုယ်စားလှယ်လောင်း ဦးရွှေမောင် နဲ့ ဒေါ်ခင်ခင်လွင်တို့ရဲ့ အယူခံ ပြည်နယ်ကော်မရှင် ထပ်မံပယ်ချ
2015.09.02

ရခိုင်ပြည်နယ် မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချခံထားရတဲ့ တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း ဦးရွှေမောင်နဲ့ ဒေါ်ခင်ခင်လွင်တို့ကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကလည်း ပယ်ချလိုက် ပါတယ်။
မိဘတွေ နိုင်ငံသားတွေမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပြည်နယ်ကော်မရှင်မှာ မနေ့က အယူခံဝင်ခဲ့ တာဖြစ်ပြီး ထပ်မံပယ်ချခံရတာဖြစ်တယ် လို့ ဒေါ်ခင်ခင်လွင်က ပြောပါတယ်။
"ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ကျမကနိုင်ငံသားတစ်ယောက်အနေနဲ့ တင်ပြမယ်၊ ဘယ်လိုဖြစ် လို့လဲဆိုတော့ ကျမတို့ပေးတဲ့မူရင်းတွေကိုသေချာ မကြည့်ဘဲနဲ့ ကျမတို့ကိုမောင်းတောခရိုင်ကနေ ချမှတ် လိုက်တာကို အတည်ပြုပါတယ်ဆိုပြီးမှ ပြည်နယ်ကော်မရှင်က ပြောလိုက်တာ၊ ကျမတို့က တကယ် ဝမ်းနည်းသွားတယ်၊ ယူသွားတဲ့စာရွက်စာတမ်းကို အတင်းဖွင့်ပြတာတောင်မကြည့်ဘူး၊ ခေါင်းကိုဟိုဘက် လှည့်ပြီးအောက်ငုံ့နေ တယ်၊ အဲ့ဒါကို ကျမတို့က အယူခံနိုင်စာပဲဖြစ်ဖြစ်၊ အသနားခံစာပဲဖြစ်ဖြစ်၊ ကျမတို့ဘက်ကအမှန်တရားကို ကျမတို့ရေးပြီးတော့မှ တင်ပြဖို့အစီအစဉ်ရှိတယ်"
လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးရွှေမောင်ဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီကနေ ရွေးကောက်ပွဲ ဝင်ခဲ့တာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ဒေါ်ခင်ခင်လွင်ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့တာဖြစ်ပြီး နှစ်ဦးလုံးကို မိဘတွေ နိုင်ငံသားမဖြစ်လို့ဆိုတဲ့အချက် နဲ့ မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ သူတို့နှစ်ဦးအပါအဝင် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရသူ ၂၈ ဦး ရှိပြီး အများစုဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မရှင်ရုံးခွဲတွေရဲ့ အဆုံးအဖြတ်ဟာ နောက်ဆုံးဖြစ်တဲ့ အတွက် အဲဒီမှာအယူခံရှုံးနိမ့် သူတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် ခွင့်မရှိတော့ပါဘူး။