PDF လို့ စွပ်စွဲအဖမ်းခံရတဲ့ လူငယ် လေးဦး အဆက်အသွယ်မရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့က လူငယ် လေးဦးတို့ဟာ ဖေဖော်ဝါရီ ၁ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အဖမ်းခံရပြီး ဆယ်ရက်ကျော်ကြာနေပြီဖြစ်တဲ့ ဒီနေ့အထိ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သူတို့ လေးဦးဟာ ဝက်လက်မြို့ အမှတ် (၃) ရွှေအိုးတွင်းရပ်ကွက်မှာ နေကြပြီး PDF လို့ စစ်ကောင်စီရဲ့ စွပ်စွဲဖမ်းဆီးခံရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဖမ်းခံရတဲ့ကောင်တွေနဲ့ အဆက်အသွယ်ကို မရတော့တာ။ PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းခေါ်သွားတာဗျ။ သူတို့က ဘာပတ်သက်မှုမှ မရှိဘူး ကျောင်းသားလေးတွေ"
ကိုထွန်းအောင်ကျော်၊ ကိုအောင်လင်းထက်၊ ကိုကျော်မျိုးအောင်နဲ့ ကိုအောင်နိုင်မျိုး တို့ ဖြစ်ကြပြီး ကိုအောင်နိုင်မျိုးဟာ အသက် ၁၇ နှစ်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။ သူတို့တွေဟာ ၉ တန်း၊ ၁၀ တန်း ကျောင်းသားတွေလို့ ပြောပါတယ်။
အဲဒီနေ့က သူတို့ လေးဦးကို စစ်ဆေးစရာရှိတယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝက်လက်မြို့နယ် ရဲစခန်းကို ခေါ်သွားပြီး PDF နဲ့ ပတ်သတ်တယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ အခြားတစ်နေရာကို ထပ်မံခေါ်သွားတယ်လို့ ပြောပါတယ်။ ရွှေဘိုစစ်ကြောရေးကို ခေါ်သွားတာလို့ နောက်ဆုံး ကြားသိရပြီး အခုထိ အဆက်အသွယ်မရတော့ဘူးလို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန် ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။