ဝိုင်းမော်မြို့နယ်မှာ ခိုးထုတ်မယ့် ကျောက်စိမ်းရိုင်းတွေ ဖမ်းမိ
2016.10.14

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာနားက ဗလမင်းထင်တံတား စုပေါင်းဂိတ်မှာ တရုတ်နိုင်ငံဘက်ကို ခိုးထုတ်မယ့် ကျောက်စိမ်းအရိုင်းတုံး တန်ချိန် ၄၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်လာသူတွေ ကို ကျောက်မျက်ဥပဒေနဲ့ အရေးယူဖို့စစ်ဆေးနေပါတယ်။
အဲဒီကျောက်စိမ်းတွေ တင်လာတဲ့ ကားသမား နှစ်ဦး ဝိုင်းမော်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူဖို့ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦး က ဒီကနေ့ပြောပါတယ်။
"ကာမိုင်းကနေ မြစ်ကြီးနာအထိ သူတို့ မျောပါပါတယ်။ မြစ်ကြီးနားမြို့ကနေ ဟိုဘက်ကို ထွက်သွား ရင်တော့ တရားမဝင် ဖြစ်သွားပါတယ်။ ပြည်ပကို ရောင်းချမယ်ဆိုရင် လက်ကောက်တို့၊ လက်စွပ်တို့ အဲဒီလို ကုန်ချောထုတ်ပြီးမှ သတ်မှတ်တဲ့ အခွန်ဆောင်ပြီးမှ ထွက်ခွင့်ရှိတာပါ။ အခုဟာကတော့ အကြမ်းထည်အတိုင်း အရိုင်းတုံးအတိုင်း ဆက်ပြီးတော့ သယ်သွားတဲ့အတွက် ဖမ်းဆီးအရေးယူရ တာဖြစ်ပါတယ်"
အဲဒီ ကျောက်စိမ်းတွေကို မြစ်ကြီးနားမြို့ကနေ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဝိုင်းမော်မြို့ကိုဖြတ်ကျော်ပြီး တရုတ်နိုင်ငံဘက် သယ်ယူဖို့ ကြိုးစားချိန်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေကို မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၄၂ ( က )၊ ပုဒ်မ ၄၄ တို့ နဲ့ အမှုဖွင့်ထားတာဖြစ် ပါတယ်။
မြန်မာနိုင်ငံအနှံ့က သစ်တောထွက်ပစ္စည်းတွေ၊ သားရဲတိရိစ္ဆာန်တွေ အပါအဝင် ကျောက်စိမ်း နဲ့ ပယင်း စတဲ့ သဘာဝသယံဇာတပစ္စည်းတွေကို ကချင်ပြည်နယ်ကနေတဆင့် တရုတ်ပြည်ဘက် တရားမဝင် တင်ပို့ မှုတွေကြောင့် မကြားခဏ ဖမ်းဆီးရမိမှုတွေရှိတယ်လို့ သိရပါတယ်။