ကနီမြို့နယ်ယာဉ်တိုက်မှု စုံစမ်းရေး ကော်မရှင် စတင်စစ်ဆေး
2012.07.22
ကနီမြို့နယ် ကနေ မုံရွာကို ပြစ်ဒဏ် ချမှတ်ခံရသူများ သယ်ဆောင်လာတဲ့ ခရီးသည်တင် ဘတ်စ်ကားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က လမ်းကနေ တားဆီး ဆန္ဒပြခဲ့ပုံကို ယင်းမာပင်မြို့နယ် သပြေအေး ကျေးရွာမှ ဆရာတော် ဦးသောပါက က အခုလို မိန့်ပါတယ်။
"၁၇ ရက် ၇ လ ၂၀၁၂ နေ့မှာ မနက် ၃ နာရီလောက်မှာ လူစုကြတာပေါ့ဗျာ။ ဘုန်းကြီးကျောင်းမှာ။ ဆိုင်ကယ်တွေ အစီး ၇၀ လောက်ရှိတယ်။ ရွာသားတွေ အကုန်လုံးထွက်၊ ဦးဇင်းတို့ ဒီ ယင်းမပင်မြို့နယ် တရော်ကျင်းကျေးရွာ ဆိုတာရှိတယ်။ ကနီ-မုံရွာ သွားတဲ့ ကားလမ်းပေါ်မှာ သွားပြီးတော့ ထိုင်စောင့်နေကြတာ။ မနက် ၄ နာရီလောက် ကတည်းက။ ၆ နာရီ ခွဲလောက်မှာ အဲဒီကား ရောက်လာတယ်။ ဦးဇင်းတို့က ကားကို တားထားတယ်။ ကနီ စခန်းမှူးတို့၊ မြို့နယ်မှူးတို့ အကုန်လုံး ရောက်လာကြတယ်။ သူတို့က ပြေပြေလည်လည် ဖြစ်စေချင်တဲ့ဟာမျိုး သိပ်မပါဘူးဗျ။ ခြိမ်းခြောက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဒါနဲ့ ဦးဇင်းတို့လည်း ကားကို တော်တော်နဲ့ ပြန်မလွှတ်ဘူး။"
နေ့လည် ၁၁ နာရီကျမှ ကန်ီမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှုးတို့ရောက်ရှိလာပြီး ဒီကိစ္စနဲ့ ပတ်သက်လို့စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ထံ အကြောင်းကြားပေးပါမယ်။ စာရေးသား တင်ပြပါလို့ ညှိနှိုင်းတဲ့အတွက် ပြေလည်မှု ရရှိသွားတယ်လို့သိရပါတယ်။
အခုလ ၂၀ ရက်နေ့မှာ တိုင်းဝန်ကြီးချုပ်ထံ စာတင်ခဲ့ရာမှာ မနေ့က စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပြီး စတင် စစ်ဆေးတယ်လို့သိရပါတယ်
"စစ်ကိုင်းတိုင်းကနေ ကော်မရှင်ဖွဲ့တော့ မုံရွာခရိုင် တရားသူကြီး၊ နောက် ဒေါ်ခင်မာရီ၊ မြန်အောင်မြို့နယ်က တရားသူကြီး ဦးကျော်ကျော်၊ သူတို့ ၃ ယောက်ကနေပြီးတော့ ခုံရုံးဖွဲ့ပြီးတော့ စစ်တယ်ပေါ့ဗျာ။ မနေ့က ဒီကသက်သေ ၈ ယောက်ပေါ့။ စစ်ပြီးပြီ။ ကနီမြို့နယ် တရားသူကြီးကိုလည်း စစ်အုန်းမယ်။ တရားသူကြီးကလည်း တရားခံ ဖြစ်သွားတာကို။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ တရားသူကြီးကို ဦးဇင်းတို့က လာဘ်စားပြီးတော့ ဒီအမှုကို ဆုံးဖြတ်တယ်ဆိုပြီးတော့ တိုင်ထားတာ။"
အမှုမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကနီမြို့နယ် အပိုင် တရော်ကျင်းရွာ အနီး ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယာဉ်မောင်း ဦးရန်အောင်လင်း ဟာ ယာဉ်အမှတ် ၄ခ/၂၂၅၂ ကို မောင်းနှင်လာစဉ်မှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာမှ ထော်လာဂျီကို ဝင်တိုက်မိပါတယ်။ သပြေအေးရွာမှ မောင်တင်ဝင်းပိုနဲ့ ကနီမြို့နယ် မိုးကောင်းရွာမှ မကြည်မြ တို့မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြတဲ့ အပြင် ထော်လါဂျီ မောင်းနှင်သူ မောင်ဖိုးဇော် ပေါင်ကျိုးသွားခဲ့ပြီး သပြေကုန်းရွာသားတွေ အပြင်းအထန် ဒဏ်ရာရခဲ့တဲ့အမှု ဖြစ်ပါတယ်။
ဒီအမှုမှာ တရားရုံးက ဆောက်လုပ်ရေး ယာဉ်မောင်းကို ထောင်ကိုးလသာ ချမှတ်ခဲ့ပြီး သပြေကုန်းရွာသား မောင်ဖိုးဇော်ကို ထောင်ဒဏ် တနှစ် ချမှတ်ခဲ့တဲ့ အတွက် မကျေမနပ်ဖြစ်ပြီး၊ သပြေကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနဲ့ တရော်ကျင်း ကျေးရွာတို့က ရွာသူရွာသားတွေ ဆန္ဒပြကြတာ ဖြစ်ပါတယ်။