ကားတိုက် သေဆုံးသူများအတွက် ခံစားခွင့်ရရှိရေး လုပ်ပေးမည်
2016.05.02

ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတဲ့ မြန်မာလုပ်သား ငါးယောက် အတွက် လူမှုဖူလုံရေးနဲ့ ပတ်သက်တဲ့ ခံစားခွင့်တွေရရှိအောင် မြန်မာသံရုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး General Sirichai Distakul က ပြောပါတယ်။
နေပြည်တော်က Lake Garden ဟိုတယ်မှာ မြန်မာ ထိုင်းအလုပ်သမားအရေး ဝန်ကြီးအဆင့်ဆွေးနွေးပွဲအပြီး ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအလုပ်သမားဝန်ကြီးက သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို စကားပြန်ကတဆင့် ဖြေကြားခဲ့တာဖြစ်ပါတယ်။
"အစိုးရအနေနဲ့ရော ကျနော့်အနေနဲ့ရော ဒီလိုဖြစ်စဉ်ဖြစ်ခဲ့တဲ့အတွက် လွန်စွာဝမ်းနည်းရပါကြောင်း ပြောပြလို ပါတယ်၊ ကျနော်တို့အနေနဲ့လည်း ဒီလိုဆုံးရှုံးနစ်နာမှုတွေ မဖြစ်စေချင်ပါဘူး၊ မတော်တဆဖြစ်သွားတဲ့ ဖြစ်ရပ် တစ်ခုပဲဖြစ်ပါတယ်၊ ကျနော် စုံစမ်းသိရှိရသမျှဆိုရင် သူတို့နစ်နာသူတွေ သေဆုံးသူတွေဟာ လူမှုဖူလုံရေးဝင် ထားတာရှိပါတယ်၊ ကျနော်တို့ ဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့အတူ အနီးကပ် ပူးပေါင်းဆောင် ရွက်သွားဖို့ရှိပါတယ်၊ လူမှုဖူလုံရေးနဲ့ ပတ်သက်တဲ့ ခံစားခွင့်တွေရရှိအောင် ကျနော်တို့ ပူးပေါင်းဆောင်ရွက် သွားဖို့ရှိပါတယ်"
အဲ့ဒီ မြန်မာအလုပ်သမားတွေ လူမှုဖူလုံရေးကြေးပေးဖို့နဲ့ ဆေးကုသခွင့်နဲ့ ထိခိုက်နစ်နာမှုတွေ အတွက် လျော်ကြေးတွေ ပေးစေလိုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံ ရနောင်းမြို့ SIFCO အအေးခန်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၄ ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ စက်ရုံသွားဖို့အတွက် ကြိုပို့ယာဉ်ကို စောင့်ဆိုင်းနေစဉ် ကားတိုက်ခံရပြီး ၅ ဦး သေဆုံးခဲ့သလို ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူတွေကို လာမယ့် မေလ ၄ ရက်နေ့မှာ သဂြိၤုဟ်မှာဖြစ်ပြီး သူတို့ရဲ့မိသားစုဝင်တွေ ရောက်ရှိလာ မှာဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။
သေဆုံးသူတွေဟာ ကနဦးအနေနဲ့ ထိုင်းငွေ ဘတ်လေးသောင်း လျော်ကြေးရရှိမှာဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန် မာရွှေ့ပြောင်းလုပ်သားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီနဲ့ ဥပဒေအကျိုးဆောင်တွေကလည်း ဥပဒေကြောင်းအရ ကူညီနေကြပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကို ယာယီနေထိုင်အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးဖို့၊ ထိုင်းနိုင်ငံက ရေလုပ်ငန်းတွေထံ မြန်မာရေလုပ်သားတွေ တရားဝင်စေလွှတ်ဖို့၊ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ အခွင့်အရေးရရှိရေးကိစ္စတွေ ပြန်လည်သုံးသပ်ဖို့ စတဲ့ အချက် ၆ ချက်ကို ဆွေးနွေးခဲ့ကြပါတယ်။