တစ်ဦးချင်း ကားတင်သွင်းခွင့် တစ်ထောင်ကျော် ထုတ်ပေးတော့ မှာ မဟုတ်


2016.12.25
car-permit-620.jpg တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားဖို့ တန်းစီစောင့်ဆိုင်းနေသူတွေကို တွေ့ရစဉ်
Photo: Soe Htun/ Facebook

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တစ်ဦးချင်းကားတင်သွင်းခွင့် လက်ခံထားတဲ့ လျှောက်ထားသူ ၁ ထောင်ကျော်ထဲမှာ မမှန်မကန်လျှောက်ထား သူတွေများနေတဲ့အတွက် အဲဒီတစ်ထောင်ကျော်ကို ကားတင်သွင်း ခွင့် ထုတ်ပေးတော့မှာ မဟုတ်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။

လျှောက်ထားသူတွေထဲက လက်ခံမယ်ဆိုပြီး တုံကင်လက်မှတ် ထုတ်ပေးထားတဲ့ ၁ ထောင် ကျော်ထဲမှာ အားလုံး နီးပါးက အမှန်တကယ်ဝယ်ယူချင်တဲ့သူတွေ မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်တွေက ခေါ်လာတဲ့သူတွေ ဖြစ် တာတွေကို စစ်ဆေးတွေ့ရှိရတာကြောင့် အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်တာလို့ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။

" အားလုံး ၉၀ % ကျော်ကတော့ တကယ်နိုင်ငံခြားနဲ့ အဆက်အသွယ်ရှိပြီး ကိုယ့်ကို ဝယ်မယ်ဆိုတဲ့ အနေအထား မျိုးတွေ မရှိဘူး၊ ၂၀၁၆ ကနေ ၁၇ မော်ဒယ် year ပြောင်းလိုက်ကြတဲ့အခါကျတော့ ၂၀၁၁ ကားတွေဆိုလို့ရှိရင် ၂၀၁၇ ရောက်လို့ရှိရင် စလစ်ကပ်တဲ့အဆင့်ရောက်သွားရော၊ ၂၀၁၆ မှာတော့ ရိုးရိုးတစ်ဦးချင်းတင်သွင်းလို့ရတဲ့ အခြေအနေမှာရှိတယ်၊ အဲဒါကြောင့်မို့ တော်တော်များများက ဒါတွေ ကိုမျှော်မှန်းပြီးတော့ တစ်ဦးချင်းပါမစ်ကို ကိုယ်တိုင်လာလျှောက်ပါဆိုတဲ့အခါကျတော့ နယ်မှာရှိတဲ့သူတွေကို သန်းခေါင်စာရင်းတွေငှားတယ်၊ မှတ်ပုံတင်တွေ ငှားတယ်၊ ဒါတွေလုပ်ကြတာ တွေ့လာတော့ ဒါတွေ မမှန်မကန်လုပ်တဲ့အတွက်ကြောင့် ဒီလိုတွေဆောင်ရွက်ပါတယ်လို့ ကြေညာထားတာပေါ့။ "

စီးပွားရေးလုပ်ငန်းရှင်တွေက နယ်မှာနေထိုင်တဲ့သူတွေကို အခကြေးငွေပေးပြီး သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် ငှားယူတဲ့အပြင် နေ့တွက်စရိတ်ပေးပြီး လူတွေကိုပါ လိုင်းကားစီးလုံးလိုက် တင်ခေါ်လာပြီး ကားတင်သွင်းခွင့် ရဖို့ လျှောက်ထားခိုင်းတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

လာမယ့် ၂၀၁၇ မှာ ကားတင်သွင်းခွင့်မူဝါဒအရ မော်ဒယ်မြင့်ကားတွေပဲ တင်သွင်းခွင့်ရမှာ ဖြစ်ပြီး မော်ဒယ်နိမ့် ကားတွေ တင်သွင်းချင်သူတွေအနေနဲ့ ယာဉ်အိုယာဉ်ဟောင်းအပ်နှံထားတဲ့ စလစ်ပြားရှိမှ ကားတင်သွင်း ခွင့် လျှောက်ထားနိုင်မှာလည်း ဖြစ်ပါတယ်။

အဲဒါကြောင့် ဒီနှစ်မှာ တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားသူအရေအတွက်ဟာ အရင်နှစ်တွေထက် ပိုများခဲ့တာကြောင့် သတ်မှတ်ရက် မတိုင်ခင် လျှောက်ထားခွင့်ကို ရပ်ဆိုင်းလိုက်ပြီး တုံကင်လက်မှတ် တစ်ထောင်ကျော်သာ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံထားတဲ့စလစ်၊ ကားပြန်တင်သွင်းခွင့် နဲ့ တစ်ဦးချင်းကား တင်သွင်းခွင့်တွေကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက စတင်ခွင့်ပြုခဲ့ တာ ဖြစ်ပြီး လက်ရှိအချိန်အထိ တင်သွင်းခွင့် ၂ ခုပေါင်းအတွက် ကားအရေ အတွက် ၆ သိန်းကျော်လောက် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။