ရာထူးကြီးသူတွေကို ကားပါမစ် ထုတ်ပေးဖို့ကိစ္စ အစိုးရပုံရိပ် ထိခိုက်စေနိုင်

ခင်ခင်အိ
2020.01.09
cars-622.jpg ရန်ကုန်မြို့ လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရေးစခန်းမှာ ရပ်ထားတဲ့ကားတွေကို တွေ့ရစဉ်
Photo: Thant Zin OO/RFA

ရာထူးကြီး ရထားတဲ့သူတွေကို ကားပါမစ်ထုတ်ပေးဖို့ အစီအစဉ်ဟာ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးမရှိတာကို ပြသရာရောက်ပြီး အစိုးရအတွက်ရော လက်ရှိအာဏာရပါတီ NLD အတွက်ပါ ပုံရိပ်ထိခိုက်စေနိုင်တယ်လို့  တရားရေးနဲ့ နိုင်ငံရေးလောကက ထောက်ပြမှုတွေရှိနေပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြ ထားပါတယ်။

ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ရာထူးအဆင့်အလိုက် ကျပ်သိန်း ၃၀၀ ကနေ သိန်း ၁၅၀၀ အထိ မော်တော်ယာဉ် တင်သွင်းခွင့်ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဆိပ်ကမ်းအရောက် သိန်း ၁၅၀၀ တန်၊ ဒုတိယသမ္မတတွေနဲ့ တူညီအဆင့် ရှိသူတွေက သိန်း၁၂၀၀ တန် ကားတင်သွင်းခွင့်၊ ဝန်ကြီးချုပ်တွေ နဲ့ သူတို့နဲ့အဆင့်တူရှိသူတွေက သန်း ၁၀၀၀ တန်၊ ဒုဝန်ကြီးတွေ ကော်မရှင်ဥက္ကဋ္ဌတွေနဲ့ အဖွဲ့ဝင်တွေက သိန်း ၇၀၀ ၊ အမြဲတမ်းအတွင်းဝန် နဲ့ ညွှန်ကြားရေးမှူးချုပ် တွေက သိန်း ၅၀၀  နဲ့ ဒုညွှန်ချုပ် အဆင့်နဲ့ လုပ်သက် ၂၅ နှစ်ပြည့် ဝန်ထမ်းကောင်းတံဆိပ် ရထားသူတွေက သိန်း ၃၀၀ တန်ကား တင်သွင်းခွင့် ရရှိကြမှာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက တိုင်းပြည်တာဝန် ကြီးကြီးမားမား ယူထားသူတွေ အနေနဲ့ အခွင့်အရေးယူတာမျိုး မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေကို အခွင့်အရေးပေးမယ်ဆိုရင် အခြားနည်းလမ်းတွေနဲ့ ပေးစေလိုကြောင်း၊ ဒီကိစ္စက  အဂတိလိုက်စားမှုနဲ့ ဆက်စပ်မှုရှိလာမှာကို စိုးရိမ်ရပြီး အစိုးရရဲ့ပုံရိပ်ကိုလဲ ထိခိုက်စေနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပထမဆုံးမော်တော်ယာဉ် တင်သွင်းခွင့်ရမဲ့ သူတွေက ညွှန်ချုပ်နဲ့ အထက်ရာထူး ရထားသူတွေ ဖြစ်ပြီး ဒုတိယအဆင့် အနေနဲ့ကတော့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့ လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းဆု ရထားသူတွေဖြစ်ပါတယ်။

အခုလို ကားတင်သွင်းခွင့်ကို ဦးသိန်းစိန် အစိုးရလက်ထက်က လက်နက်ကိုင် တိုင်းရင်းသားတွေအတွက်သာ ခွင့်ပြုပေးခဲ့ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေကိုတော့ ခွင့်ပြုပေးခဲ့တာမျိုးမရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။