ဘာသာရေး ပဋိပက္ခ သတိပြု ဖို့ မြန်မာ ကက်သလစ် ဆရာတော်ကြီး သတိပေး
2015.01.06

ချီးကျုးအမွှန်းတင်ခံနေရတဲ့ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဘာသာရေး အစွန်းရောက်မှုကြောင့် လမ်းချော်သွားနိုင်တယ်လို့ ကာဒီနယ် ခေါ် ကက် သလစ်ဘုန်းတော်ကြီး အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ ကက်သလစ် အသင်းတော်ရဲ့ ရန်ကုန်ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး ချားလ်စ်ဘို က ပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကာဒီနယ် ဘုန်းကြီး အမတ်သစ် ၂၀ ကို ထပ်မံ ရွေးကောက် တင်မြှောက်ခဲ့ရာမှာ မြန်မာနိုင်ငံက အသက် ၆၆ နှစ်အရွယ် ချားလ်စ်ဘို လည်းပါဝင်ခဲ့ ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အစွန်းရောက် အဖွဲ့တွေ ပါဝင်ပတ်သက် လာမယ့်အရေး စိုးရိမ်ဖွယ်ရှိတယ်လို့ ဘုန်းတော်ကြီး ချားလ်စ်ဘို က ရိုက်တာသတင်းကိုပြောဆို ခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံတွင်းက မွတ်စလင်တွေကို နိုင်ငံတကာ အစွန်းရောက် မွတ်စလင် အင်အားစုတွေ နဲ့ ပေါင်းမိသွားအောင် တွန်းပို့ သလိုဖြစ်သွားမယ်ဆိုရင် အသေခံဗုံးခွဲမှု စတဲ့ အကြမ်းဖက် လုပ်ရပ်တွေ ပေါ်ပေါက် လာနိုင်ကြောင်း၊ ဒါကြောင့် ဘာသာတွေကြား အပြန်အလှန် နားလည်မှုရှိကြဖို့၊ အစိုးရအနေနဲ့လည်း အမုန်းစကားတွေ အပေါ် ပိုပြီး ထိထိ ရောက်ရောက် ဟန့်တား ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း၊ တိုင်းရင်းသား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင် ဘဲ၊ ဘာသာရေး ပဋိပက္ခတွေ လည်းဆက် ဖြစ်နေမယ်ဆိုရင် စစ်တပ်ရဲ့ထိန်းချုပ် မှုအောင်ပြန်ရောက် သွားနိုင်ကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းဖို့ အတွက် ဗုဒ္ဓဘာသာရဟန်းတော်တွေရဲ့ အခန်းကဏ္ဍ အင်မတန်အရေး ကြီးကြောင်းလည်း သတိပေး ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် မိမိအနေနဲ့လည်း ရခိုင်ပြည်နယ် နဲ့ကချင်ပြည်နယ် တည်ငြိမ်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ကာဒီနယ် ဘုန်းတော်ကြီး ချားလ်စ်ဘိုနဲ့ အတူရွေးကောက်ခံရတဲ့ ကာဒီနယ် အသစ်တွေကို လာမယ့် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်းမင်းကြီးက အခမ်းအနားနဲ့ ခန့်အပ်မှာ ဖြစ်ပါတယ်။