ရွေးချယ်ခံအမျိုးသမီး ကိုယ်စားလှယ်ဦးရေ ကာတာစင်တာ ဆက်လက်စောင့်ကြည့်မည်
2015.11.10

ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ် ဦးရေ ၆ဝဝဝ ကျော်မှာ အမျိူးသမီး ကိုယ်စားလှယ် ၈ဝဝ သာ ပါတဲ့အတွက် ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ အမျိုးသမီးကိုယ်စားလှယ်ဦးရေ ဘယ်လောက် ရွေးချယ်ခံရမလဲဆိုတာကို စောင့်ကြည့်သွားရမယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် ကာတာစင်တာ အဖွဲ့ဝင် အိုင်ယာလန်နိုင်ငံ သမ္မတဟောင်း Mary Robinson က ပြောပါတယ်။
ကာတာစင်တာက ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း လေ့လာစောင့်ကြည်တာတွေကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဒီကနေ့ သတင်းမီဒီယာတွေကို ရှင်းပြစဉ် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ အိုင်ယာလန် သမ္မတဟောင်း Mrs. Robinson က အခုလို ပြောကြားခဲ့တာပါ။
"ကိုယ်စားလှယ်လောင်း ၆ ထောင်ကျော်မှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းက ရှစ်ရာလောက်သာ ပါတဲ့အတွက် ကိုယ်စားပြုမှု အားနည်းလွန်းတယ်လို့ ပြောရမှာပါ။ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ ရလဒ်မှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ဘယ်လောက်များ ရွေးချယ်ခံရတယ်ဆိုတာကို စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်”
ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ခွဲတွေမှာလည်း အမျိူးသမီးဦးရေ အနည်းငယ်သာ ပါဝင်နေတာကိုတွေ့ရတယ် လို့ ပြောပါတယ်။ ကာတာစင်တာအဖွဲ့ဝင် ၆၂ ဦးဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့တာဖြစ် ပါတယ်။
ကာတာစင်တာကို ၁၉၈၂ ခုနှစ်က အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဂျင်မီကာတာက တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။