ပန်းတနော် CB ဘဏ်မှာ လုယက်မှုဖြစ်ပွား
2020.08.07

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်က CB ဘဏ်ကို သြဂုတ်လ ၇ ရက်နေ့ ဒီနေ့ မနက် ဆယ်နာရီခွဲလောက်မှာ သေနတ်ကိုင်ထားတဲ့လူတစ်ယောက်က ဝင်ရောက်လာပြီး ကျပ် သိန်းတစ်ရာကျော်ခန့် ဓားပြတိုက်ယူသွား ပါတယ်။
အလယ်ပိုင်းရပ်ကွက်၊ သီဟလမ်းနဲ့ အနော်ရထာလမ်းထောင့်က အဲဒီဘဏ်မှာ ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်သွားတာလို့ ပန်းတနော်မြို့နယ် ရဲစခန်းမှူး ဒု-ရဲမှူး ဝင်းမြင့်က RFA ကို ပြောပါတယ်။
ဓားပြတိုက်သူရဲ့ သေနတ်က အတုလား၊ အစစ်လားဆိုတာ မသိရသေးကြောင်း၊ ကျူးလွန်သူကို ဖမ်းမိနိုင်ဖို့ အတွက် ပိတ်ဆို့ရှာဖွေနေကြောင်း ဒုရဲမှူး ဝင်းမြင့်က ဆိုပါတယ်။
ဘဏ်ရဲ့ စီစီတီဗီမှတ်တမ်းအရ အဲဒီလူဟာ နှာခေါင်းစည်း၊ လက်အိတ်အမည်း ဝတ်ဆင်ထားပြီး ပစ္စတိုလို့ယူဆရတဲ့ သေနတ်အတိုကို ကိုင်ဆောင်ဝင်ရောက်လာတာပါ။
အဲဒီနောက် ဝန်ထမ်းတွေကို သေနတ်နဲ့ချိန်ပြီး အိတ်ထဲကို ပိုက်ဆံတွေထည့်ခိုင်းကာ အိတ်ကိုယူပြီး ပြန်ထွက်သွား တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလကလည်း ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံအိမ်ယာနားက CB ဘဏ်ခွဲမှာ အခုလိုပဲ ဝင်ရောက်လုယက်မှုဖြစ်ခဲ့ပြီး သိန်းခြောက်ရာကျော်လောက် ပါသွားခဲ့ပါသေးတယ်။