ထန်တလန်က လုံလဲရ်ရွာ စစ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း CDF ပြော

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021.09.13
ထန်တလန်က လုံလဲရ်ရွာ စစ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း CDF ပြော ချင်းပြည်နယ် ထန်တလန်မြို့နယ် လုံလဲရ်စစ်စခန်းက မီးခိုးငွေ့တွေကို တွေ့ရစဥ်
Photo: CJ

ချင်းပြည်နယ် ထန်တလန်မြို့နယ် လုံလဲရ်ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်ဦး CNA/CNF နဲ့ ချင်းဒေသကာကွယ်ရေးတပ်အဖွဲ့ CDF ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၁၁ ရက်နေ့ညပိုင်းက သိမ်းပိုက်ခဲ့တယ်လို့ CDF အဖွဲ့က RFA ကို ဒီနေ့ပြောပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးပြီး CNA/CNF နဲ့ CDF ပူးပေါင်းအဖွဲ့ဘက်ကတော့ ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါ တယ်။

အဲဒီစခန်းကို နှစ်ရက်ကြာတိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တာလို့လည်း ထန်တလန်မြို့နယ် ချင်းကာကွယ်ရေးအဖွဲ့ CDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကို Ronoe Lian က RFA ကိုပြောပါတယ်။

“၁၀ ရက်နေ့ ညပိုင်းမှာ ကျွန်တော်တို့ CDF နဲ့ CNA ပူးပေါင်းပြီးမှ စခန်းကို ကျွန်တော်တို့ဝိုင်းထားတယ်။ ပထမတစ်ရက်မှာတော့ လေးနာရီဝန်းကျင်လောက် ဆက်တိုက်ပစ်တာပေါ့နော်။ အပြန်အလှန်ပစ်တာပေါ့ နော်။ နေ့လယ်တစ်နာရီဝန်းကျင်ကျတော့ ဂျက်လေယာဉ်နဲ့ နှစ်ခေါက်လာတာပေါ့။ ပထမတစ်ခေါက်က လုံလဲရ်စခန်းအပေါ်မှာ ဝိုင်းပတ်ပြီးမှ လေးကြိမ်လောက် ဗုံးကြဲတယ်။ ပြီးတော့ ပြန်သွားတယ်။ မိနစ် ၂၀ လောက်ကြာပြီးမှ ပြန်လာတယ်။ ဒုတိယတစ်ခေါက်ကတော့ တော်တော်လေးများတာပေါ့။ ၉ ကြိမ် ၁၀ ကြိမ်လောက် ပတ်ပြီးမှ ဗုံးကြဲတာပေါ့။ ပထမရက်ပေါ့။ ဒုတိယရက်ကတော့ နည်းနည်း ၅ နာရီ၊ ၆နာရီ ဝန်းကျင်လောက် ကြာတယ်။ ဆက်တိုက်ပစ်ပြီးမှ စခန်းကိုသိမ်းတာပေါ့။ လက်နက်ခဲယမ်းတွေ အကုန် လုံးယူပြီးမှ စခန်းကိုမီးရှို့ခဲ့တာပေါ့။”

အဲဒီစခန်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကျည်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီစခန်းကနေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း CDF အဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်စခန်းတည်ရှိတဲ့ လုံလဲရ် ရွာဟာ ထန်တလန်မြို့နဲ့ မိုင် ၃၀ လောက်ဝေးပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရဲ့ နယ်စပ်ကျေးရွာတစ်ခု ဖြစ်ပါတယ်။

အဲဒီတပ်စခန်းဟာ လွန်ခဲ့တဲ့ အချိန်သုံးလလောက်ကတည်းက အင်အားဖြည့်တင်းတာတွေမရှိတော့ဘဲ စစ်ကောင်စီတပ်သား ၁၂ ဦးလောက်နဲ့ ထိန်းချုပ်ထားတဲ့ စခန်းတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီ တပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်သုံးပြီး ဒေသတစ်ဝိုက် စုံစမ်း ထောက်လှမ်းတာတွေရှိနေတယ်လို့ CDF အဖွဲ့က ပြောပါတယ်။

မြေပြင်မှာလည်း စစ်ကောင်စီတပ်က အင်အားတွေ ဖြည့်တင်းနေတာတွေကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့လည်း CDF နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတဲ့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က RFA ကို ပြောပါတယ်။

“ချင်းတောင်မှာ အင်အားက စစ်ဘက်က တိုက်ပွဲတွေ ဖိအားလုပ်လာနိုင်တယ်ဆိုတဲ့ဟာက ချင်းပြည်နယ် ဟားခါးဗျူဟာနဲ့ မတူပီဗျူဟာ နှစ်ခုရှိတယ်။ အခုကအင်အားတွေ သူတို့ဖြည့်တင်းတယ်လို့ ကျွန်တော်တို့ သိရတာကတော့ အဓိက CDF တွေရဲ့ လှုပ်ရှားမှု အဲဒါတွေအားလုံးကို ဖြိုခွဲဖို့ ပြင်ဆင်လာတယ်လို့ ကျွန်တော်တို့ ကြားတယ်။ အဲဒါကြောင့် စစ်ပွဲ၊ တိုက်ပွဲကတော့ ပိုပြီးတော့ ကြီးလာနိုင်တယ်၊ ဖြစ်လာနိုင်လို့ ကျွန်တော်တို့က သုံးသပ်ပါတယ်”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက လုံလဲရ်ရွာအနီးမှာ စတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် လုံလဲရ်ရွာနဲ့ အနီးဝန်းကျင် ရွာသုံးရွာလောက်က လူပေါင်း ၁၀၀၀ လောက်ဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"CDF တွေရဲ့ လှုပ်ရှားမှုကို ဖြိုခွဲဖို့ ပြင်ဆင်လာတယ်လို့ ကျွန်တော်တို့ ကြားတယ်"

အဲဒီရွာသားတွေဟာ နီးစပ်ရာတောတောင်တွေနဲ့ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အနီးအနားရွာက သုံးရွာဝန်းကျင်လောက်ရှိတာပေါ့။ လုံလဲရ်ရွာရယ် ကျန်တဲ့အနီးအနားရွာနှစ်ရွာပေါ့။ အဲဒါကတော့ စစ်ဘေးရှောင်ကြရတာပေါ့။ အထူးသဖြင့် လုံလဲရ်ရွာပေါ့နော်။ မဖြစ်ခင်ကတည်း အနီး အနားရှိတဲ့ အိမ်တွေပေါ့နော်။ နည်းနည်းရှောင်ကြတာပေါ့။ ဖြစ်ပြီးမှပဲ သွားတဲ့သူတွေ ပိုများတာပေါ့။ နယ်စပ်တစ်ဝိုက်ပေါ့နော်။ မီဇိုရမ်ဘက်ပဲဖြစ်ဖြစ်၊ ဒီဘက်ပဲဖြစ်ဖြစ် အဲဒီနားကျေးရွာတွေမှာ ပြေးကြ တာပေါ့”

ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ကစလို့ ဒေသခံကာကွယ်ရေးအဖွဲ့ တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနေတာကြောင့် မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေက ဒေသခံတွေအကြားမှာ စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

chin-flee.jpg
(ထန်တလန်မြို့နယ်က တိုက်ပွဲတွေကြောင် ထွက်ပြေးနေရတဲ့ ချင်းဒေသခံတွေကို တွေ့ရစဥ်) Photo: CJ

အခုလို ပြင်းထန်လာတဲ့ တိုက်ခိုက်မှုတွေကြောင့် ထန်လတန်မြို့ပေါ်နဲ့ ကျေးလက်တွေမှာ ပြီးခဲ့တဲ့အပတ် လောက်ကစပြီး စိုးရိမ်မှုနဲ့ ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံ ငါးထောင်ဝန်းကျင်အထိရှိနေတယ်လို့ ချင်း လူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။ အဲဒီအထဲက ဒေသခံ တစ်ထောင်လောက်ဟာ အခုရက်ပိုင်း တွေအတွင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးရောက်ရှိလာကြတယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း က ပြောပါတယ်။

“အဲဒီရွာသားတွေကတော့ အများစုကတော့ ထွက်ပြေးကုန်ကြပြီ။ ဒီမနက်ပိုင်းကလည်း အနီးအနားမှာ လေယာဉ်ပျံသန်းတာတွေ တွေ့ရတော့ ရွာအနီးအနားတစ်ဝိုက်က ရွာသားတွေ တော်တော်လေးကို လန့် သွားကြတယ်။အဲဒီရွာသားတွေကတော့ ထွက်ပြေးကုန်ကြပြီလို့ ကျွန်တော်တို့ကြားတယ်။ ၁၀ ရက်နေ့ လေယာဉ်နဲ့ လာပစ်တဲ့နေ့ကတည်းက ထွက်သွားကြတာ။ အများစုကပေါ့။ အဲဒီရွာက အိမ်ခြေအများဆုံး တစ်ရာလောက်ပဲရှိမယ်။ သူတို့က အဲဒီဟိုဘက်ကမ်း မီဇိုရမ်ဘက် ကျိမ်ဆိုင်ဘက်ကို ထွက်ပြေးကြတယ် တဲ့။ အများစုကတော့။ ဒါပေမဲ့ အနီးအနားတစ်ဝိုက်မှာ ခိုလှုံတဲ့လူတွေလည်းရှိတယ်။ အားလုံးစုစုပေါင်း ငါးထောင်လောက်ရှိတယ်လို့ ခန့်မှန်းတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေး တိမ်းရှောင်နေရသူ သုံးသောင်းကျော်အထိ ရှိနေပြီလို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြော ပါတယ်။ ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်က အသွားအလာတွေနဲ့ စားနပ်ရိက္ခာတွေကို စစ်ဆေးတွေ ရှိနေလို့ ဒေသခံတွေအတွက် ရိက္ခာအခက်အခဲ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ထန်တလန်မြို့နယ် လုံလဲရ်ရွာအခြေစိုက် တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးတယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မြန်မာနိုင်ငံမှာ အာဏာကို အဓမ္မရယူထားတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး အပြီးတိုင် ဖျက်သိမ်းရေး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က စက်တင်ဘာ ၇ ရက်နေ့က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် Chris Sidoti ကတော့ NUG ရဲ့ ဆုံးဖြတ် ချက်ကနေ ထွက်လာမယ့် အကျိုးရလဒ်တွေအတွက် စိုးရိမ်ပူပန်မိတယ်လို့ စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။