ထန်တလန်မြို့က စစ်တပ်ရဲ့ခံစစ်စခန်းကို ချင်းကာကွယ်ရေးအဖွဲ့ မီးရှို့ဖျက်ဆီး

2021.10.04
ထန်တလန်မြို့က စစ်တပ်ရဲ့ခံစစ်စခန်းကို ချင်းကာကွယ်ရေးအဖွဲ့ မီးရှို့ဖျက်ဆီး ထန်တလန်မြို့ ဝမ်သူးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ၂၀၂၁ အောက်တိုဘာ ၃ ရက်နေ့က ဖျက်ဆီးခဲ့စဥ်
Photo: CDF-Zophei
ချင်းပြည်နယ်၊ ထန်တလန်မြို့ ဝမ်သူးရွာက စစ်ကောင်စီရဲ့ စွန့်လွှတ်ပြီးသား မဆုတ်တမ်းခံစစ်စခန်းကို အောက်တိုဘာလ ၃ ရက် မနေ့မှာ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF – Zophei) နဲ့ ချင်းအမျိုးသားတပ် (CNA) တို့ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ CDF – Zophei က သတင်းထုတ်ပြန်ပါတယ်။
 
အဲဒီစခန်းမှာ အရင်က စစ်ကောင်စီတပ်သား ရှစ်ယောက်ရှိပြီး တာဝန်ခံဗိုလ်မှူးဆိုသူကို CDF ဘက်က ဆက်သွယ်စည်းရုံးခဲ့ပေမယ့် ပြည်သူဘက်ကို ပူးပေါင်းပါဝင်ခြင်း မရှိတာကြောင့် တိုက်ခိုက်ဖို့ စီစဉ်နေချိန်မှာပဲ ရဟတ်ယာဉ်နဲ့ ပြန်ခေါ်သွားခဲ့တာလို့ CDF – Zophei ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
စခန်းပတ်လည်မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းရှစ်လုံးကို ရှင်းလင်းခဲ့ပြီး စခန်းထဲကအိမ်တွေနဲ့ ကတုပ်ကျင်းမြောင်းတွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဝမ်သူးရွာဟာ ထန်တလန်မြို့ကနေ ၄၅ မိုင်ခန့်ကွာဝေးပြီး အဲဒီတပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာလာ ၃၀ ရက်နေ့ မနက်မှာ ရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
 
 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။