ဟားခါးရဲစခန်းကို စီးနင်းပြီး အကျဉ်းသား ၆၂ ဦးကို CDF ကယ်ထုတ်
2024.07.20

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ ရဲစခန်းကို ဇူလိုင်လ ၂၀ ရက်နေ့မနက်ပိုင်းမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းပြီး အကျဉ်းသား၊ အချုပ်သား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
အမျိုးသား ၄၉ ဦးနဲ့ အမျိုးသမီး ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ လုံခြုံတဲ့နေရာကို ပို့ထားနိုင်ပြီလို့ ဆလိုင်းထက်နီက ပြောပါတယ်။
"ဟုတ်တယ်ဒီမနက်မှာ CDF-Hakha တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတာ။ အစောင့်ရဲတွေ သေဆုံးတာရှိတယ်။ ကယ်ထုတ်တဲ့ အကျဉ်းသား ၆၂ ဦးကိုတော့ လုံခြုံတဲ့နေရာ ပို့ထားလိုက်ပြီ။ ကယ်ထုတ်ခဲ့တဲ့ အကျဉ်းသားနဲ့ပ တ်သက်ပြီးတော့ အသေးစိတ်တော့ ပြောလို့မရသေးဘူး”
ဟားခါးရဲစခန်းကို ဝင်ရောက်စီးနင်းစဉ် သေနတ်အလက် နှစ်ဆယ်ခန့် သိမ်းဆည်းရမိတယ်လို့လည်း သူက ပြောပါတယ်။
ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အများစုပါဝင်ပြီး အသေးစိတ် အချက်အလက်တွေကို စိစစ်နေတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်းကလည်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (တပ်မဟာ-၁) က ထုတ်ပြန်ထားပါတယ်။