သိုင်းငင်းစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
2024.01.15

Updated 3:35 PM Jan 16, 2024
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာက စစ်ကောင်စီ တပ်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ သိမ်းပိုက် နိုင်ခဲ့တယ်လို့ စီးယင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF CDM Siyin) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့ မနက်မှာ သိမ်းပိုက်လိုက်တာပါ။ လေကြောင်းကရော၊ လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတဲ့ကြားက ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့တာပါ။ တချို့ စစ်ကောင်စီ တပ်သားတွေ ထွက်ပြေးသွားတာရှိတယ်”
စစ်ကောင်စီရဲ့ အဲဒီစခန်းမှာ အင်အား သုံးဆယ်ဝန်းကျင်ရှိပြီး ဇန်နဝါရီလ ၁၂ ရက် နေ့ကစလို့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရှစ်ဦးသေဆုံးခဲ့ပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ CDF CDM Siyin အဖွဲ့က ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာ တိုက်ပွဲတွေကြောင့် သိုင်းငင်းရွာ၊ ဆွလိမ်ရွာ၊ ဘဲကန့်ရွာ စတဲ့ရွာတွေက ဒေသခံ ငါးရာခန့်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(မှတ်ချက်။ မူလသတင်းတွင် ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ကိုးဦးသေဆုံး ဟု မှားယွင်းဖော်ပြခဲ့သည်ကို ပြင်ဆင်ရေးသားထားပါသည်။)