CDM တပ်မတော်သားနဲ့ ပြည်သူ့ရဲ မိသားစုတွေ ခြိမ်းခြောက်ခံနေရ
2021.09.14
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ဆက်သွယ်ပြီး ခြိမ်းခြောက်နေတယ်လို့ သိရှိရပါတယ်။ တပြိုင်နက်မှာ ဖြားယောင်းစည်းရုံးမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ တပ်မ ၉၉ ခြေလျင်တပ်မဌာနချုပ် ကနေ ပြည်သူ့ဘက်ကို ကူးပြောင်းလာခဲ့တဲ့ ဗိုလ်မှူး ဟိန်းသော်ဦး ရဲ့ ညီမဖြစ်သူ မထိုက်ထိုက်ထွန်းကို အဲဒီ လအတွင်းမှာပဲ စစ်ကောင်စီ အရာရှိတစ်ဦးက ဖုန်းဆက်ခြိမ်းခြောက်ခဲ့တာကို RFA က တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုတခါ ထပ်မံပြီး ဖေ့စ်ဘွတ်မက်ဆင်ဂျာကနေ ဆက်သွယ်ခဲ့တယ်လို့ မထိုက်ထိုက်ထွန်း ကပြောပါတယ်။ အခု တခေါက်မှာတော့ သူ့အစ်ကို ဗိုလ်မှူး ဟိန်းသော်ဦးနည်းတူ ပြည်သူနဲ့ ပူးပေါင်းနေပြီဖြစ်တဲ့ မောင်ဖြစ်သူ ဗိုလ်ကြီး ဖုန်းပြည့်တို့ နှစ်ဦး ရောက်ရှိနေတဲ့နေရာကို အသိပေးဖို့ ခြိမ်းခြောက်ခဲ့တာပါ။ ဆက်သွယ်လာတဲ့ အရာရှိရေးခဲ့တဲ့ စာမိတ္တူကို သက်သေအဖြစ် ပေးပို့ရင်း ပါဝင်တဲ့အချက်တွေကို မထိုက်ထိုက်ထွန်း က အခုလို ပြန်လည်ပြောဆိုခဲ့ပါတယ်။
“စက်တင်ဘာ ၂ ရက်နေ့က မက်ဆင်ဂျာက မက်ဆေ့ချ် လာပို့တယ်။ ဟန်ဇော်ထွန်း ဆိုတဲ့အကောင့်နဲ့ ပို့တယ်။ ပို့တဲ့အချိန်မှာ သူက ထိုက်ထိုက်ထွန်း ကျနော် DSA intake 46 က ဒု-ဗိုလ်မှုးဟန်ဇော်ထွန်း၊ ဟိန်းသော်ဦး နဲ့ ညည်းအဆက်သွယ်ရှိတာ ငါတို့တွေ သိထားတယ်။ သူဘယ်မှာလဲဆိုတာ ပြောပေးပါ။ ညည်းကလေးတွေ နဲ့ ညည်းအမေလည်း သူ့ဆီမှာလို့ သတင်းရတယ်။ ညည်းမောင် ဖုန်းပြည့်ရယ် ညည်းအကို ဟိန်းသော်ဦးရယ် ဘယ်မှာရှိတယ်ဆိုတာ ပြောပေးရင် ငါတို့ဘက်က ညည်းအမေ နဲ့ ညည်းကလေးတွေအတွက် တာဝန်ယူ သက်ညှာပေးမယ်။ အခု ဟိန်းသော်ဦး နိုင်ငံတော်ကို သစ္စာဖောက်ခဲ့တဲ့အတွက် ညည်းတို့မိသားစု ဝရမ်းပြေးဖြစ်တဲ့အပြင် ညည်းအမေက ညည်းအဖေရဲ့ ပင်စင် ခံစားခွင့်မရှိတော့ဘူးဆိုတာ ညည်းတို့ နားလည်မှာပါ။ ဟိန်းသော်ဦး နဲ့ ဖုန်းပြည့်ကို လက်နက်ချ အညံံ့ခံဖို့ ပြောပေးပါ ဒါမှမဟုတ်ရင် ငါတို့ဘက်က ညည်းတို့မိသားစု ဘဝ လုံခြုံမှုကို တာဝန်ယူမှာ မဟုတ်သလို ညည်းလဲနာမည်မပျက် ဘဝမပျက်ချင်ရင် နိုင်ငံတော်နဲ့ ပူးပေါင်းပါ။ ငါတို့ဘက်က ညည်းကို ထိုက်ထိုက်တန်တန် ဘဝတသက်စာလုံး မပူပင်ရအောင် ဆုချီးမြှင့်ပါ့မယ်။ အဲဒါ သူပို့ပေးတဲ့စာပေါ့”
အခုလို အနိုင်ကျင့်ခြိမ်းခြောက်မှုတွေဟာ အာဏာသိမ်းစစ်တပ်အတွင်း နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တာဖြစ်တယ်လို့လည်း မထိုက်ထိုက်ထွန်းက ပြောပါတယ်။ သူမကိုယ်တိုင် စစ်တပ်အရာရှိတဦးရဲ့ ဇနီးဘဝနဲ့ စစ်တပ်အတွင်း နေထိုင်ခဲ့စဉ်က သူမရဲ့ ခင်ပွန်းဖြစ်သူ တပ်ကို စွန့်ခွာဖို့ကြိုးစားခဲ့ချိန်မှာ စစ်တပ်ဝန်းအတွင်း ကျန်ရစ်တဲ့ သူမတို့မိသားစုကို အကျယ်ချုပ် ချထားခဲ့တယ်လို့ ဆိုပါတယ်။
“သမီးအပြင်ထွက်ရင် သမီးက ထွက်ပြေးမယ်ပေါ့၊ ထွက်ပြေးတယ်ဆိုရင် သူ့ယောကျာ်းကလည်း အခု တပ်ကိုပြန်မလာဘူး အဲဒီတော့ သူတို့ နှစ်ယောက် အတူတူထွက်ပြေးလို့ရတယ်၊ အဓိကက သမီးတို့ကို ချုပ်ထားတယ်ဆိုရင် ဒီယောကျာ်းးက ပြန်လာမှာပဲ ဆိုတဲ့သဘောမျိုးနဲ့ သူတို့က ချုပ်ထားတာ၊ ၁ လ တိတိကြာတယ်။ နောက်ပိုင်းကျတော့ သမီးက သမီးယောက်ကျားကို ဆက်သွယ်တယ်၊ နင်ပြန်လာခဲ့ နင်ပြန်မလာဘူးဆိုရင် ငါ့အမေလဲ ဒီမှာ ဒုက္ခရောက်တော့မယ်၊ တပ်က ငါတို့ကိုချုပ်ထားတယ် အပြင်လည်း ပေးမထွက်ဘူး။ အဲဒီအချိန်မှ ယောကျာ်းလုပ်တဲ့သူက ဟုတ်ပြီ ဒါဆို ငါပြန်လာခဲ့မယ်။ ဒါပေမဲ့ ငါတပ်ထဲမှာ မနေချင်တော့ဘူးဆိုပြီး သူပြန်လာတယ်။ သူပြန်မလာခင် ကတိတောင်းတယ်။ သူတို့ဘက်ကလည်း ကတိပေးတယ်။ သူ့ကို အချုပ်ချခြင်း ဘာခြင်း လုံးဝမလုပ်ပါဘူးဆိုတဲ့ အကြောင်းပေါ့ ။ သူ့မှာဖြစ်နေတဲ့ ပြဿနာတွေကို အကုန်ဖြေရှင်းပေးမယ်ပေါ့။ ဒါပေမဲ့ သူတကယ် ပြန်လာတဲ့အချိန်မှာ သူ့ကို ချက်ချင်းအချုပ်ထဲထည့်လိုက်တယ်၊ ဘာပြဿနာမှ ဖြေရှင်းမပေးဘူး။”
စစ်ကောင်စီက အခုနောက်ဆုံး မက်ဆင်ဂျာက ဆက်သွယ်လာသူကို နောက်ထပ်ဆက်မရအောင် သူမ ပိတ်လိုက်ပြီလို့လည်း မထိုက်ထိုက်ထွန်း ကပြောပါတယ်။

ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ တခြားအရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီး ညီသုတကလည်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့တွေထဲကနေ တပ်ကို စွန့်ခွာထွက်ပြေးသူ ဦးရေဟာ စစ်တပ် အာဏာမသိမ်းခင် နှစ်တွေကတည်းက နှစ်စဉ် တစ်ထောင်ကျော်ရှိခဲ့ပြီး အခုပိုများလာခဲ့ကြောင်း နဲ့ အခုလို ခြိမ်းခြောက် စည်းရုံးတာတွေဟာ စစ်တပ်က ပုံမှန်လုပ်ဆောင်နေကျ ဖြစ်ကြောင်း ပြောပါတယ်။
“မိဘတွေဆို တချို့ ချော့လို့ရတဲ့ရတဲ့သူဆို ချော့တယ်။ ခြောက်တဲ့သူဆို ခြောက်တယ်။ တချို့မိဘတွေဆို သတ်ပစ်လို့ရတယ်တို့ ဘာတို့ ဒီလိုမျိုးခြောက်တာအထိ ဖြစ်တယ်။ တချို့ကျတော့လဲ လေပြေနဲ့ချော့တယ်။ ပြန်လာခဲ့ခေါ်တယ် မိသားစုဝင်တွေကို ဖုန်းဆက်တယ် အဖေအမေတွေကို ဆက်တယ်။ ဒါသတ်ပစ်လို့ရတယ် စစ်ဆင်ရေးမှာ သေဒဏ်ထိုက်တဲ့ကိစ္စတွေ စသဖြင့် အဲလိုပြောတာမျိုးတွေ ပြောပြတယ်။”
သူတို့ အလိုရှိသူ တစ်ဦးကို မတွေ့တဲ့အတွက် တခြား မိသားစုဝင်တွေ မိဘတွေကို ဖမ်းဆီးခံရတာမျိုးကိုတော့ သူတို့ တပ်မတော်က ထွက်လာတဲ့ အသိုင်းအဝန်း အတွင်းမှာ မကြားမိသေးဘူးလို့ ဗိုလ်ကြီး ညီသုတ က ပြောပါတယ်။
“သားမတွေ့လို့ မိဘဖမ်းသွားတာမျိုးတော့ ဒီစစ်သား CDM ထဲမှာတော့ မကြားမိသေးဘူး။ ကျနော်တို့ လက်လှမ်းမီသလောက် မရှိသေးတာပေါ့။ ခြိမ်းခြောက်တာတော့ရှိတယ် အထူးသဖြင့် မိဘတွေကိုပေါ့၊ ကိုယ့်သားသမီးတွေကို ပြန်လာခိုင်းပေါ့၊ တချို့ကျတော့လည်း ပင်စင်ပြန်ပေးမယ် ပြန်လာခဲ့ပေါ့၊ တချို့ကျတော့လဲ နည်းနည်းအပေါစားဆန်တာမျိုးပေါ့ ရာထူးတိုးပေးမယ် ဘာတွေတောင် ပြောတာရှိတယ်။”
အခုလို ဆက်သွယ်ခြိမ်းခြောက်မှုတွေကို သူတို့တပ်မတော်သားတွေအပြင် CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေလည်း တွေ့ကြုံနေတယ်လို့ ဗိုလ်ကြီး ညီသုတ ကပြောပါတယ်။
အခုလို စစ်တပ် အရာရှိတွေက ခြိမ်းခြောက်တာ၊ စည်းရုံးသိမ်းသွင်းတာတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေး-ဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။