တနင်္သာရီက CDM စည်ပင်အင်ဂျင်နီယာ ထောင်နှစ် ၂၀ ချခံရ
2022.02.03

တနင်္သာရီမြို့နယ်က CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ စည်ပင်အင်ဂျင်နီယာ ဦးအောင်သက်ဦး ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က ထားဝယ်အကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်အနှစ် ၂၀ ချမှတ်ခံလိုက်ရတယ်လို့ သူ့ရဲ့ မိတ်ဆွေတွေက RFA ကို ပြောပါတယ်။
သူဟာ အကြမ်းဖက်မှုတွေအပေါ် ငွေကြေးထောက်ပံ့မှုဆိုင်ရာ စွပ်စွဲချက်ဖြစ်တဲ့ အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၀ (ည) နဲ့ ထောင်ချခံရတာလို့ အမည်မဖော်လိုတဲ့ ဦးအောင်သက်ဦးရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
"ကျနော်တို့လည်း သတင်းတက်လာမှ ထောင်အနှစ်၂၀ ချခံရမှန်းသိတာ။ တော်တော် လေး စိတ်ကောင်းရှိပြီး မဟုတ်မခံတတ်တဲ့သူပါ။ ဘာမှအပြစ်မရှိတဲ့သူကို ထောင်ထဲမှာ အနှစ် ၂၀ ထည့်ထားတဲ့သူတွေကို ကိုယ်လိပ်ပြာကိုယ်လုံပါစေလို့ပဲ ပြောချင်ပါတယ်"
ဦးအောင်သက်ဦးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာလို့ သူကပြောပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာ အာဏာသိမ်းကာလ တစ်နှစ်အတွင်း ပြည်သူ ၆၉ ဦး သေဆုံး ခဲ့ရသလို လူတစ်ထောင်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်က ထုတ်ပြန်ထားပါတယ်။