အစိုးရဝန်ထမ်းတွေ အလုပ်ပြန်လုပ်ကြဖို့ စစ်အာဏာသိမ်းခေါင်းဆောင်ပြော

စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.02.11
အစိုးရဝန်ထမ်းတွေ အလုပ်ပြန်လုပ်ကြဖို့ စစ်အာဏာသိမ်းခေါင်းဆောင်ပြော
စစ်အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုမှာ အစိုးရဝန်ထမ်းတွေ ပါဝင်ဆန္ဒပြနေကြစဉ်။

စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (Civil Disobedience Movement) မှာ အစိုးရဝန်ထမ်းတွေ ပါဝင်တာတွေရပ်ပြီး အလုပ်ပြန်လုပ်ကြဖို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်း ၁၁ ရက်မြောက်နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၁ ရက် ဒီကနေ့မှာ ပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းဆန့်ကျင်တဲ့ အနေနဲ့ အစိုးရဝန်ထမ်းတွေ ရုံးမသွားကြဘဲ ဆန္ဒပြပွဲတွေမှာ ပါဝင်ပူးပေါင်းလာတာတွေ တဖြေးဖြေး အရှိန်မြှင့်လာတာနဲ့ အမျှ အစိုးရလုပ်ငန်းတချို့ လည်ပတ်ဖို့ ခက်ခဲလာနေတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုမှာ ပါဝင်တာတွေ မလုပ်နိုင်အောင် အစိုးရဝန်ထမ်းတွေကို ထိထိရောက်ရောက် တားဆီးသွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခြိမ်းခြောက်ပြောဆိုပါတယ်။

ဒီလို CDM လှုပ်ရှားမှုမှာ အစိုးရဝန်ထမ်းတွေ ပါဝင်ဖို့ တိုက်တွန်းနေသူတွေဟာ မသမာသူတွေဖြစ်တယ်လို့လည်း အပြစ်တင်ပြောဆိုလိုက်တာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အရုဏ်တက်ချိန်မှာ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် စစ်အစိုးရရဲ့ လုပ်ငန်းတွေ မလည်ပတ်နိုင်အောင် အစိုးရ ရုံးဝန်ထမ်းတွေ ရုံးမတက်ဖို့၊ ရုံးလုပ်ငန်းတွေ မလုပ်ဖို့ အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုတွေကို ပြုလုပ်လာတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာ မြန်မာတနိုင်ငံလုံးက အစိုးရဝန်ထမ်းတွေ တစ်ရက်ထက်တစ်ရက် သိသိသာသာ ပူးပေါင်း ပါဝင်လာနေတာကြောင့် အာဏာသိမ်း စစ်အစိုးရရဲ့ လုပ်ငန်း လည်ပတ်နိုင်ရေးကို ခြိမ်းခြောက်လာနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။