မန္တလေးမှာ CDM ရဲဝန်ထမ်းတစ်ယောက် အဖမ်းခံရ

2021.08.22
မန္တလေးမှာ CDM ရဲဝန်ထမ်းတစ်ယောက် အဖမ်းခံရ စစ်အာဏာရှင်ကို အာဏာဖီဆန်ရေး (CDM) လုပ်ထားတဲ့ ရဲဒုတပ်ကြပ် ကိုဇော်မျိုးသက် ကို တွေ့ရစဉ်
Photo: CJ

စစ်အာဏာရှင်ကို အာဏာဖီဆန်ရေး (CDM) လုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ဝန်ထမ်းတစ်ယောက် မန္တလေးမြို့မှာ သြဂုတ်လ ၂၁ ရက်နေ့ မနေ့က အဖမ်းခံလိုက်ရပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကုက္ကဲရဲကင်းစခန်းကနေ CDM လုပ်ထားတဲ့ ရဲဒုတပ်ကြပ် ကိုဇော်မျိုးသက် ဟာ မန္တလေးမြို့မှာ တိမ်းရှောင်နေရင်းကနေ အဖမ်းခံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ CDM လုပ်နေတဲ့ ရဲဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

“သူ့ကိုဖမ်းတုန်းကတော့ အပြင်ထွက်လို့ အဖမ်းခံရတာ။ CDM ရဲလို့ မသိဘူး။ ပြီးမှစစ်ဆေးတော့ CDM ရဲမှန်း သိသွားတာ”

မန္တလေးမြို့မှာ ကိုဗစ်ကြောင့် နေအိမ်မှာနေထိုင်ရေး (Stay At Home) ဆိုပြီးသတ်မှတ်ထားရင်းကနေ အပြင်ကိုထွက်မိတဲ့အတွက် အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

လက်ရှိမှာ သူ့ရဲ့မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘဲ မန္တလေးမြို့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာလည်း မသိရသေးပါဘူး။

သူဟာ စစ်တပ်က အာဏာသိမ်းပြီး တစ်လကျော်အကြာ မတ်လ ၄ ရက်နေ့ကတည်းက CDM လုပ်ခဲ့ပြီး တိမ်းရှောင်နေခဲ့သူလည်းဖြစ်ပါတယ်။

မြင်းခြံခရိုင်ထဲက မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းမဖက် အာဏာဖီ ဆန်ရေးလှုပ်ရှားမှု (CDM) လုပ်တဲ့ ရဲဝန်ထမ်း ၃၀ ဦးထက်မနည်းရှိတယ်လို့ မြင်းခြံမြို့နယ်က CDM လုပ်နေတဲ့ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။