ကန့်ဘလူမှာ CDM ဆရာတစ်ဦး ဖမ်းဆီးခံရပြီး သေဆုံး၊ စစ်ကြောရေး သေဆုံးသူ ၈၇ ဦးရှိလာ

2021.12.09
ကန့်ဘလူမှာ CDM ဆရာတစ်ဦး ဖမ်းဆီးခံရပြီး သေဆုံး၊ စစ်ကြောရေး သေဆုံးသူ ၈၇ ဦးရှိလာ စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားတဲ့ ကန့်ဘလူမြို့နယ် စပယ်နံ့သာရွာက CDM ကျောင်းဆရာ ဦးလှိုင်ဝင်းကို တွေ့ရစဉ်
ဓာတ်ပုံ- ကန့်ဘလူမြို့နယ် ပညာရေးဘုတ်အဖွဲ့ ဖေ့စ်ဘွတ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စပယ်နံ့သာရွာက CDM အလယ်တန်းပြဆရာ ဦးလှိုင်ဝင်းကို စစ်ကောင်စီ တပ်သားတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားပြီဆိုတဲ့အကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့မှာ မိသားစုထံ အကြောင်းကြားလာတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

စစ်သားတွေက နေအိမ်ကနေ ကန့်ဘလူမှာရှိတဲ့ အမှတ် (၆၀၀၆) တပ်ရင်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“ကောလင်း ဗျူဟာလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေက စပယ်နံ့သာရွာကိုဝင်လာတော့ ဆရာ့အိမ်ကိုဝင်တယ်။ နောက် ဖမ်းသွားတာ။ ဒလန်ကြောင့်ပေါ့။ ၇ ရက်နေ့မှာတော့ ဆရာ ကန့်ဘလူ ဆေးရုံမှာ ဆုံးသွားတယ်။ သင်္ဂြိုဟ်လိုက်ပြီလို့ မိသားစုကို အကြောင်းကြားလာတယ်။ အလောင်းလည်း ပြန်မရသလို ဘာကြောင့်ဆုံးတယ်ဆိုတာလည်း မသိရဘူး”

ကန့်ဘလူဒေသမှာ CDM လုပ်နေတဲ့ ပညာရေးဝန်ထမ်းတစ်ဦး အခုလို ဖမ်းဆီးခံရပြီး သေဆုံးတာဟာ ပထမဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးလှိုင်ဝင်းဟာ ကန့်ဘလူမြို့နယ်အတွင်းက ဘောရွာမှာ အလယ်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်တပ်က ဖမ်းဆီးပြီးနောက် သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းလောက်ကလည်း စစ်ကိုင်းတိုင်း၊ ဟုမ္ပလင်းမြို့မှာ CDM ကျောင်းဆရာမ တစ်ဦးကို အမည်မသိလူတစ်စုက နေအိမ်ထဲထိလာရောက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီကနေ့ ဒီဇင်ဘာလ ၉ ရက်နေ့အထိ စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးသွားသူ ၈၇ ဦးအထိရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။