မြနန္ဒာဝန်ထမ်းအိမ်ယာက CDM ဆရာမ အပါအဝင် ငါးယောက် အဖမ်းခံရ

2021.12.01
မြနန္ဒာဝန်ထမ်းအိမ်ယာက CDM ဆရာမ အပါအဝင် ငါးယောက် အဖမ်းခံရ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြနန္ဒာ ဝန်ထမ်းအိမ်ရာက ဆရာမ ဒေါ်ကေဇာ ကို တွေ့ရစဉ်
ဓာတ်ပုံ - ဆရာမ ဒေါ်ကေဇာ - ဖေ့စ်ဘွတ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြနန္ဒာ ဝန်ထမ်းအိမ်ရာထဲက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ထားတဲ့ ကျောင်းဆရာမ ဒေါ်ကေဇာ အပါအဝင် ငါးယောက် တို့ဟာ ဒီဇင်ဘာ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံလိုက်ရပါတယ်။

ဒီကနေ့မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အိမ်ယာထဲ အပေါက်တွေပိတ်၊ ဝင်ရောက်စီးနင်းခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက်အစောကြီး စစ်သားတွေ ရောက်ချလာပြီး ဝင်ပေါက်တွေအကုန် ပိတ်လိုက်တယ်။ အဝင်၊ အထွက် မလုပ်ရတော့ဘဲ အခန်းတွေလိုက်စစ်တာ။ CDM လုပ်နေတဲ့ ကျောင်းဆရာမ တစ်ယောက်လည်း အဖမ်း ခံလိုက်ရတယ်။ အိမ်ရာထဲက အနည်းဆုံး ငါယောက်လောက်တော့ ဖမ်းခံလိုက်ရတယ်။ စစ်မေးစရာရှိလို့လို့ ကြားတယ်"

သူတို့အားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘယ်ခေါ်သွားတယ်ဆိုတာလည်း မသိရသေးပါဘူး။ အဲဒီ ဝန်ထမ်းအိမ်ယာထဲမှာ ဌာနဆိုင်ရာပေါင်းစုံက ဝန်ထမ်းတွေ နေထိုင်ကြတဲ့ လိုင်းခန်းအိမ်ယာ ဖြစ်ပါတယ်။

အဖမ်းခံလိုက်ရတဲ့ ဆရာမ ဒေါ်ကေဇာ ရဲ့ အမျိုးသားဟာ ဆင်ဟွာသတင်းဌာန နေပြည်တော် အခြေစိုက် သတင်းထောက်တစ်ယောက်ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့လ နှစ်လလောက်က ကိုဗစ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက် နေ့ ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ ၇၆၄၀ ယောက် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။