ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရပ်ဘက် အဖွဲ့အစည်းတွေ နဲ့ ဆွေးနွေး


2014.03.13
election-commission-u-tin-aye-b305 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပုံ
Photo: RFA

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူအားထား ရတဲ့ လူထုကိုယ်စားလှယ်တွေ ရွေးကောက်နိုင်ရေး အတွက် ပြည်သူတွေကို အသိပညာပေးရေး လုပ်ငန်းတွေမှာ အရပ်ဘက်အခြေပြု လူ့အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

ဒါ့အပြင် မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေ မှန်မှန်ကန်ကန် မဲပေးနိုင်ခွင့်ရရှိအောင် လည်း ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အခုလို ပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတစ်ယောက်ဟာ မဲပေးပိုင်ခွင့်ရှိတယ်၊ ရွေးချယ်ပိုင်ခွင့်ရှိတယ်၊ မဲပေးနိုင်ဖို့ဆိုရင် မဲစာရင်းပါမှရမယ်၊ မဲစာရင်းမပါလာရင် လူ့အခွင့်အရေး ဆုံးရှုံးရမယ်၊ ဒါမျိုးတွေမဖြစ်အောင် မဲပေးပိုင်ခွင့်ရှိသူ မဲပေးမယ်၊ မဲပေးတဲ့အခါမှာ ပယ်မဲတွေမဖြစ်အောင် ဒါတွေကို ပညာပေးဖို့ဖြစ်ပါတယ်"

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံတကာမှာဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေသာမက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့၂၀၁၀ ခုနှစ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့အားနည်းချက်၊ လစ်ဟာချက်တွေကို ပြင်ဆင်ပြီး၂၀၁၄-၂၀၁၈ မဟာဗျူဟာ စီမံကိန်းတစ်ခု ရေးဆွဲထားတယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းရဲ့ အခန်း ၁၂ ခန်းမှာ ဥပဒေရေးရာ မူဘောင်၊ ကော်မရှင်ဖွဲ့စည်းပုံ၊ ပြည်သူနှင့် မဲဆန္ဒရှင်ပညာပေး၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေး စတဲ့ အချက်တွေပါဝင်ပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးက မဲဆန္ဒရှင်ပြည်သူတွေကို အသိပညာပေးရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ မသန်စွမ်းလူ့အဖွဲ့အစည်းတွေ ရွေးကောက်ပွဲမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး စတာတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ Equality myanmar၊ လောကအလင်းနဲ့ ရှေ့နေများကွန်ရက်က ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။