လောင်းလုံးမြို့နယ်က သန်းခေါင်စာရင်းကောက်ယူသူ ခုနစ်ဦးကို PDF ဖမ်းဆီး

RFA Burmese
2024.10.06
လောင်းလုံးမြို့နယ်က သန်းခေါင်စာရင်းကောက်ယူသူ ခုနစ်ဦးကို PDF ဖမ်းဆီး နေပြည်တော်တွင် သန်းခေါင်စာရင်းကောက်ယူနေသူတချို့အား ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူ ခုနစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့က ဖမ်းဆီးသွားကြောင်း စစ်ကောင်စီက အောက်တိုဘာ ၆ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ဝင်တွေ အလုပ်တာဝန်ပြီးလို့ နေအိမ်တွေမှာ နေထိုင်နေချိန် အောက်တိုဘာ ၆ ရက်နေ့ ညနေက ဖမ်းဆီးခံလိုက်ရတာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ပြောပါတယ်။

လောင်းလုံမြို့နယ်၊ ရေဖြူရွာမှာ နေထိုင်သူတွေရဲ့ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ ကျောင်းအုပ်ဆရာမ ဒေါ်ဖြူဖြူထွေး၊ ကျောင်းဆရာမ ဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာထွန်း၊ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်မြအေးနဲ့ ရေဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး စာရေးမ ဒေါ်သီတာတို့ ဖမ်းဆီးခံရတာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူသူတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခက်အခဲကြုံနေတဲ့ စစ်ကောင်စီက ထွက်ပေါက်ရအောင် ရွေးကောက်ပွဲကျင်းပဖို့အတွက် သန်းခေါင်စာရင်းကောက်တာဖြစ်ကြောင်းနဲ့ အဲဒီဆောင်ရွက်ချက်ကို လုံးဝလက်မခံဘဲ သန်းခေါင်စာရင်းကောက်ယူရေးမှာ ပါဝင်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က အောက်တိုဘာ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ သန်းခေါင်စာရင်းကောက်ယူရေးဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေနဲ့ မူဝါဒတွေ ချမှတ်ဖို့ အရေးကြီးတဲ့ လူမှုစီးပွားဆိုင်ရာ အချက်အလက်တွေ ရနိုင်တဲ့ တစ်ခုတည်းသော စီမံကိန်းဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါကြောင့် သန်းခေါင်စာရင်းကောက်ယူနေတဲ့ အဖွဲ့တွေ လုံခြုံရေးအတွက် တိုးမြှင့်ဆောင်ရွက်ပေနေတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့က သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းမှာ ကူညီပေးနေတဲ့ မြို့မိမြို့ဖ ဦးကမ်လျန်ထန် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ လူအင်အား လေးသောင်းနှစ်ထောင်ခန့် အသုံးပြုပြီး သန်းခေါင်စာရင်းကောက်ယူနေတယ်လို့ အောက်တိုဘာလ ၂ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။