သိန်း ၂၀၀ ကျပ်အထိသာ ငွေသားနဲ့ အရောင်းအဝယ်လုပ်ဖို့ ဗဟိုဘဏ်အမိန့်ထုတ်

မြန်မာနိုင်ငံထဲမှာ အရောင်းအဝယ်ပြုလုပ်ရင် (၁) ကြိမ်ကို ကျပ်ငွေ သိန်း ၂၀၀ ပဲ ငွေသားနဲ့ပေးချေရမှာဖြစ်ပြီး ကျန်တာအားလုံးကို ဘဏ်လုပ်ငန်းအပေါ် အခြေခံတဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုကိုပဲ အသုံးပြုရမယ်လို့ စစ်ကောင်စီပိုင် ဗဟိုဘဏ်က နိုဝင်ဘာလ ၃ ရက် မနေ့ကစပြီး အမိန့်ထုတ်ပြန်ပါတယ်။
အခြေခံကုန်ပစ္စည်းတွေအားလုံး ရောင်းတာ၊ ဝယ်တာ၊ လွှဲပြောင်းတာတွေမှာ (၁) ကြိမ်ကို ငွေသား သိန်း ၂၀၀ ကျပ်ထက်မပိုပဲ ကျန်တဲ့ငွေပမာဏကို ဘဏ်စနစ်ကို အသုံးပြုပြီး မိုဘိုင်းဘဏ်လုပ်ငန်း (Mobile Banking)၊ အင်တာနက်ဘဏ်လုပ်ငန်း (Internet Banking)၊ ဘဏ်အကောင့်၊ ချက်လက်မှတ်နဲ့ ငွေပေးအမိန့်လွှာ (PC) စတာတွေ အသုံးပြုရမယ်လို့ အမိန့်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီအမိန့်ကို မလိုက်နာရင် တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ အရေးယူခြင်းခံရမယ်လို့လည်း ထည့်သွင်း သတိ ပေးထားပါတယ်။
"သူတို့ဘယ်လိုပဲအမိန့်ထုတ်ထုတ် ငွေသားကိုင်ထားသူတွေကတော့ နားလည်မှုနဲ့ ဆက်လုပ်နေရမှာပဲ၊ တစ်ခုတော့ရှိတာပေါ့ သိန်း ၂၀၀ အထက် အရောင်းအဝယ်လုပ်ရမယ့် အိမ်တို့၊ ခြံတို့ ကားတို့ကတော့ နည်းနည်းရပ်တန့်နိုင်တာပေါ့၊ ဘာလို့ဆို ဘဏ်တွေကိုမှ မယုံတာ၊ ဘဏ်ထဲကပဲ သွားရမယ်ဆိုတာ အဓိပ္ပာယ်မှမရှိတာ၊ တကယ်လုပ်ရမှာက ဘဏ်တွေအားလုံးကို ပြန်ဖွင့်ခိုင်းပြီး ငွေသားရအောင် ထုတ်ပေးလေ၊ ရာခိုင်နှုန်းယူနေတဲ့သူတွေကို ဖမ်းလေ" လို့ အိမ်ခြံမြေနဲ့ ကားအရောင်းအဝယ်လုပ်ကိုင်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။
လက်ရှိ ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေကို ယုံကြည်မှုမရှိတော့တဲ့အပြင် ငွေသား ပြန်ထုတ်လို့မရတဲ့ ပြဿနာတွေကြောင့် ပြင်ပမှာရာခိုင်နှုန်းတွေ အမြတ်ပေးပြီး ထုတ်နေရတယ်လို့လည်း ဆိုပါတယ်။
"စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ တလွဲတွေပါ၊ ဘဏ်ထဲကငွေတွေ အပြင်မရောက်အောင် တမင်လုပ်တာ၊ ကိုယ့် ပိုက်ဆံကိုယ်တောင် ပြန်ထုတ်မပေးတဲ့ ဘဏ်တွေက ယုံစရာမရှိတော့တာ၊ အဲဒီ ဘဏ်တွေက ငွေ ထုတ်မပေးလို့ အပြင်မှာ အမြတ်ကြီးစားသမားတွေကို ရာခိုင်နှုန်းပေး ထုတ်နေရတာကိုတော့ လျစ်လျူရှု ထားတယ်၊ ကျနော်တို့မှာ ကိုယ့်ပိုက်ဆံကိုယ် ပြန်ထုတ်မရတဲ့အပြင် ကိုယ့်ပိုက်ဆံကိုယ် ပြန်ပေးဝယ် နေရတယ်" လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ KBZ ဘဏ်အသုံးပြုသူတစ်ဦးက RFA ကို ပြောပါတယ်။
ဗဟိုဘဏ်အနေနဲ့ ငွေသားမရှိတော့တဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် အခုလိုအမိန့်တွေ ထုတ်ပြန်ပြီး လုပ်ဆောင်နေတာဖြစ်သလို ပြီးခဲ့တဲ့လမှာလည်း နိုင်ငံခြားပို့ကုန်က ရတဲ့ငွေတွေကို သက်ဆိုင်ရာ ဘဏ်တွေထဲ တစ်လအတွင်း ပြန်သွင်းကြဖို့နဲ့ ခွင့်ပြုထားတဲ့နေရာမှာပဲ ရောင်းချဖို့ဆိုပြီး အမိန့်ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူတွေရဲ့ဘဏ်အကောင့်တွေနဲ့ မိုဘိုင်းငွေကြေး အသုံပြုတဲ့အကောင့်တွေကို စစ်ကောင်စီ ညွှန်ကြားတဲ့ အတိုင်း ဘဏ်တွေက ပိတ်ပစ်နေတဲ့အပြင် ဘဏ်မှာအပ်ထားတဲ့ ငွေသားတွေကိုလည်း ပြန်ထုတ်မပေးတဲ့ ပြဿနာကို ပြည်သူတွေအားလုံးနီးပါး ရင်ဆိုင်နေရပါတယ်။