တရုတ်နယ်စပ် သွင်းကုန်လိုင်စင်လျှောက်သူတွေ ယွမ်ငွေသုံးဖို့ ဗဟိုဘဏ်ညွှန်ကြား
2023.06.08
တရုတ်နယ်စပ်ကနေ သွင်းကုန်လိုင်စင် လျှောက်ထားသူတွေအနေနဲ့ ပို့ကုန်ရငွေနဲ့ ပြည်တွင်းဘဏ်တွေကနေ ဝယ်ယူရရှိထားတဲ့ ယွမ်လက်ကျန်ငွေရှိကြောင်း စာရင်း တင်ပြရမယ်လို့ စစ်ကောင်စီ နိုင်ငံခြားငွေ ကြီးကြပ်မှု ကော်မတီရဲ့ (၄၁/၂၀၂၃) ဆုံးဖြတ်ချက်ကို အခြေခံပြီး စစ်ကောင်စီဗဟိုဘဏ်က ဇွန်လ ၁ ရက်နေ့က ထုတ်ပြန် ထားတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
တရုတ်နယ်စပ်မှာ ယခင်က ပို့ကုန်၊ သွင်းကုန်ရငွေကို ဒေါ်လာရော ယွမ်ငွေနဲ့ပါ အဆင်ပြေသလို ပေးချေနေရာကနေ အခုထုတ်ပြန်ချက်အရ ယွမ်ငွေနဲ့ပဲ ပေးချရတော့မှာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ်နယ်စပ် ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“အရင်က ဒေါ်လာနဲ့သွင်းလို့ရတယ်။ အခုက ယွမ်နဲ့ဖြစ်သွားတယ်။ အဲယွမ်ငွေကလည်း ဒီဘက်ကနေ တရုတ်ကို ကုန်ပို့ထားတာကနေရတဲ့ ယွမ်ငွေဖြစ်မှရမယ်။ ပို့ကုန်သမားတွေ ကလည်း ယွမ်နဲ့ပဲရောင်းထားတာဆိုတော့ အဲငွေကို သွင်းကုန်သမားကိုပြန်ရောင်းပေါ့။ သူက အရင်ကလို အမေရိကန်ဒေါ်လာနဲ့မဟုတ်ဘဲ တရုတ်ယွမ်နဲ့ အခွန်စည်းကျပ်မယ် အဲလိုသဘောပေါ့နော်”
တရုတ်နယ်စပ်မှာ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေးအတိုင်း ပြည်တွင်းဘဏ်တွေကို ပြန်လည်ရောင်းချ ရပြီး ၃၅ ရာခိုင်နှုန်းကိုပဲ ကုန်သည်တွေက မိမိစိတ်ကြိုက် အသုံးပြုခွင့်ရှိတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကနေဖြတ်ပြီး တင်သွင်းလာမယ့် ပြည်ပသွင်းကုန်တွေအနေနဲ့ လိုင်စင်ရရှိပြီး ငွေပေးချေရာမှာ ပြည်တွင်းဘဏ်ကနေဖြစ်စေ ပို့ကုန်ရငွေကနေဖြစ်စေ ဘဏ်ငွေ လွှဲပြောင်းတဲ့စနစ်နဲ့ ဆောင်ရွက်ရမယ်လို့လည်း ပါရှိပါတယ်။
အခုလိုသတ်မှတ် ပြဌာန်းချက်တွေကြောင့် သွင်းကုန်သမားတွေအတွက် အခက်အခဲတချို့ ရှိလာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ ဝါရင့် ပို့ကုန်လုပ်ငန်းရှင်ကြီး တစ်ဦးက မှတ်ချက်ပြုပါတယ်။
“အခုဟာက ဘဏ်ကနေတဆင့် သွားရမယ်ဆိုတဲ့နေရာမှာ တရုတ်ကို ပို့ကုန်ယွမ် တစ်သိန်းဖိုး ပို့ထားရင် အဲဒီ ထဲကရငွေ ၆၅ရာခိုင်နှုန်းကို အစိုးရက သူ့ပေါက်ဈေးနဲ့ ဖြတ်ယူလိုက်ပြီး ၃၅ ရာ ခိုင်နှုန်းပဲ ကျန်မယ်။ အဲတော့ ကျန်တဲ့ဟာကို ပုံမှန်အပြင် ပေါက်ဈေးနဲ့ပို့ကုန်သမားက မရောင်း နိုင်တော့ဘူး။ ပြင်ပပေါက်ဈေးနဲ့ ရောင်းမှာပေါ့။ဆိုလိုချင်တာက သွင်းကုန်သမားက အဲငွေတွေကို လိုက်ဝယ်ရတာဆိုတော့ ငွေကုန်ကြေးကျ ပိုများသွားတယ် ပိုပြီးရင်းရတော့ တာပေါ့”
အခုလို ပြောင်းလဲသတ်မှတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
မြန်မာ -တရုတ်နယ်စပ်ကနေ တရုတ်နိုင်ငံအတွင်းကို ပဲ၊ ပြောင်း၊ နှမ်း၊ ရာဘာ၊ ဖရဲ၊ သခွား၊ သရက်၊ ငရုတ်၊ ဝါဂွမ်း စတဲ့လယ်ယာ ထွက်ကုန်၊ ရေထွက်ကုန်တွေကို အဓိကတင်ပို့နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအတွင်းကတော့ ယာဉ်မျိုးစုံနဲ့ ဆက်စပ်ပစ္စည်းတွေ၊ လယ်ယာသုံးစက်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အထည်အလိပ်နဲ့ စက်သုံးဆီ၊ ဓါတ်မြေသြဇာ၊ အိမ်တွင်းမှု ပစ္စည်းတွေကို အဓိကတင်သွင်းကြတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ စီးပွားကူးသန်းဌာနရဲ့ မေလ ၃၀ ရက်နေ့ကဖော်ပြတဲ့ သတင်း အချက်အလက်တွေ အရ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတစ်ခုတည်းကနေ မေလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ တရုတ်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၃၅.၆၅၀) သန်းရှိခဲ့ပြီး မြန်မာဘက်သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ(၇၃.၆၅၈) သန်းရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။