ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို ဒေါ်လာထုတ်ချေးမည်
2018.08.18
အမေရိကန်ဒေါ်လာဈေး မြင့်တက်နေမှုကို ပြန်လည်လျော့ချနိုင်ဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေကို ဒေါ်လာသန်းရာနဲ့ချီ ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
ထုတ်ချေးလိုက်တဲ့ ဒေါ်လာတွေ ဆုံးရှုံးမှုမရှိစေဖို့ ပုဂ္ဂလိက ဘဏ်တွေအနေနဲ့ ဗဟိုဘဏ်မှာ မြန်မာကျပ်ငွေ အပေါင်းထားရှိတဲ့ စနစ်ကို ကျင့်သုံးမှာဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုင်ငံပိုင် သတင်းမီဒီယာ တွေကို မနေ့က ပြောပါတယ်။
"ပထမ ဇူလိုင်လ ၂၆ ရက်နေ့က စပြီး နေ့စဉ် ဒေါ်လာ ၁ သိန်း ရောင်းပေးတာ၊ ၁၃ ရက်ရောင်းပါတယ်၊ အဲ့ဒီလို ဗဟိုဘဏ်က ဖြည့်စွမ်းပေးပေမယ့်လို့ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတဲ့သူတွေ ရှိနေတဲ့အတွက်ကြောင့် ဈေးကွက်က တောင့်ခံထားတဲ့သဘောဖြစ်ပါတယ်၊ အဲ့တော့ နောက်အစီအစဉ်တစ်ခုကို ကျနော်တို့က ထပ်ပြီး တော့ လုပ်မယ်၊ အဲ့ဒါက ဘာလည်းဆိုတော့ ငွေထုတ်ချေးတဲ့ အစီအစဉ်ပေါ့၊ ငွေထုတ်ရောင်းတယ်ဆိုရင် ဗဟိုဘဏ်ရဲ့ အရံငွေထဲက လျော့သွားတယ်။ ဒါ့ကြောင့်မို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုပါတယ်၊ အဲ့ဒီငွေ ထုတ်ချေးတဲ့ အစီအစဉ်ကတော့ ပိုကောင်းတဲ့ အချက်လေးက ကျနော်တို့ ခေတ္တချေးတာ ဖြစ်ပါတယ်၊ ကျပ်ငွေကို အပေါင်ပေးထား US ဒေါ်လာကို ဗဟိုဘဏ်က ထုတ်ပေးမယ်၊ သို့ပေမယ့်လို့ အဲ့လို စီစဉ်တဲ့အခါမှာလည်း ပြန်မဆပ်ရင် ဘယ်လိုလုပ်မလည်းဆိုတဲ့ အပိုင်းမျိုးလေးတွေတော့ ရှိပါတယ်"
အမေရိကန်ဒေါ်လာတွေကို ထုတ်ချေးရာမှာ ၁၄ ရက် (ဒါမှမဟုတ်) ၁ လကို သင့်တော်တဲ့ အချိန်ကာလတစ်ခု သတ်မှတ်သွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ အချိန်ကာလ မကျော်ခင် ဗဟိုဘဏ်ကို ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။
ဒေါ်လာဈေး ပြန်လည်ကျဆင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင်လ ၂၆ ရက်နေ့က စပြီး ဒီနေ့အထိ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေကို အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းပေးခဲ့ပါတယ်။
သြဂုတ်လ ၁၆ ရက်နေ့ ညနေက စတင်ပြီး ဒေါ်လာဈေးဟာ အနည်းငယ် ပြန်လည်ကျဆင်းလာခဲ့ပြီး မနေ့က နေ့လည် ၁၂ နာရီမှာ ကမ္ဘောဇဘဏ်ရဲ့ ဝယ်ဈေးဟာ ၁၅၀၇ ကျပ်ဖြစ်ပြီး ရောင်းဈေးဟာ ၁၅၃၂ ကျပ် ဖြစ်ပါတယ်။