လက်ကိုင်လွှစက် ၇၀၀ ကျော် ဖမ်းဆီးခဲ့


2016.09.19
chain-saws-620.jpg Chain Saw လို့ခေါ်တဲ့ လက်ကိုင်လွှစက်ကို တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

လးနှစ်အတွင်း Chain Saw လို့ခေါ်တဲ့ လက်ကိုင်လွှစက် စုစုပေါင်း ၇၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး အသုံးပြုသူတွေ ကို အရေးယူခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက အမျိုးသား လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် က လွှစက် Chain Saw တွေကြောင့် သဘာဝသစ်တော သယံဇာတတွေ လုံးဝပြုန်းတီးပျက်စီးသွားနိုင်တာကြောင့် လွှစက်တွေကို စနစ်တကျထိန်းချုပ်သွားဖို့ အစီအစဉ်ရှိ မရှိ မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

"လက်ကိုင်စက်လွှများထိန်းချုပ်ရန် အမိန့်ကြေညာစာ ထုတ်ပြန်ပြီးတဲ့နောက် တရားမဝင် လက်ကိုင်စက်လွှများကို ဖမ်းဆီးအရေးယူဆောင်ရွက်ရာမှာ ၂ဝ၁၃-၁၄ မှာ ၅၆၆ ခုနဲ့ ၂ဝ၁၆-၂ဝ၁၇ မှာ ၁၅ဝ ခု၊ စုစုပေါင်း ၇၁၆ ခုကို ဖမ်းဆီးပြီး တည်ဆဲဥပဒေနဲ့ အရေးယူခဲ့ပါတယ်"

မြန်မာနိုင်ငံအနှံ့အပြားမှာ လက်ကိုင်လွှစက် Chain Saw တွေ အသုံးပြုပြီး တရားမဝင် သစ်ခုတ်လဲှမှုတွေဟာ သစ်တောပြုန်းတီးခြင်းရဲ့ အဓိကအချက်ဖြစ်နေပြီး လက်ကိုင်လွှစက်တွေ ထိန်းချုပ်ဖို့လိုအပ်ကြောင်း စိစစ်တွေ့ရှိတဲ့ အတွက် လွှစက်တွေကို ခွင့်ပြုချက်ရယူအသုံးပြုရာမှာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းကမ်းချက်တွေကို ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ကြေညာခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ပါတယ်။

လက်ကိုင်လွှစက်တွေကို နှစ်ပိုင်းဖြုတ်ပြီး အလွယ်တကူသယ်နိုင်ခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ နယ်စပ်ဒေသတွေ ကနေ တရားမဝင်တင်သွင်းနိုင်ခြင်းနဲ့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ သွင်းကုန်လိုင်စင်နဲ့ ပြည်ပကနေ တင်သွင်းနိုင်ခြင်း တို့ကြောင့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောတွေအနီးက ကျေးရွာတွေမှာတောင် အလွယ်တကူ ရောင်း ချနေတာကြောင့် လက်ကိုင်လွှစက်တွေကို ပြည်ပကတင်သွင်းခြင်း၊ ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချခြင်းတို့ကို ထပ်ဆင့် ထိန်းချုပ်ကြပ်မတ်ဖို့ လိုအပ်လာတယ်လို့လည်း ဦးအုန်းဝင်းက ပြောပါတယ်။

ဆိပ်ကမ်းတွေကတဆင့် ပုံမှန်ကုန်သွယ်ရေးနည်းလမ်းနဲ့ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းတွေကနေ လွှစက်တင် သွင်းတာနဲ့ ပတ်သက်ပြီး ကုန်သွယ်ရေးဦးစီးဌာနက သွင်းကုန်လိုင်စင်ထုတ်ပေးတာမှာ သစ်တောဦးစီးဌာန ရဲ့ ထောက်ခံချက်ရယူရမှာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။