ဒုက္ခသည်အရေး တောင်းဆိုလို့ ထောင်ချခံရသူတွေ လွတ်မြောက်ရေး ဆန္ဒပြသူ ၃ ဦး တရားစွဲခံရ


2018.12.08
kachin-protesters-622.jpg တိုက်ပွဲကြောင့် ပိတ်မိနေသူတွေ ကယ်ထုတ်ရေး ဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦးထဲမှ ဦးလွမ်းဇောင်းနဲ့ ဒေါ်နန်ပူကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Elizabeth/ RFA

ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် ဆန္ဒပြတဲ့သူ ၃ ဦးကို ထောင်ဒဏ်ချမှတ်လိုက်တာကို မကျေနပ်တာကြောင့် တရားရုံးကနေ မနောကွင်းထိ လမ်းလျှောက် ဆန္ဒပြသူထဲက လူငယ် ၃ ဦးကို ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

ကချင်လူငယ်တွေဖြစ်တဲ့ မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်၊ ကိုဆိုင်းခွမ်အောင် တို့နဲ့အတူ စစ်ဘေးရှောင်စခန်းက ပြည်သူ ၅၀ ခန့်ဟာ မြစ်ကြီးနားမြို့နယ် တရားရုံးကနေ မနောကွင်းအထိ လမ်းလျှောက်ပြီး ဆန္ဒ ထုတ်ပြ ခဲ့တာကြောင့် မြစ်ကြီးနားမြို့နယ် ရဲမှူးက တရားလိုလုပ်ပြီး မနေ့ကညက အမှုဖွင့်လိုက်တာလို့ သိရပါတယ်။

ဆန္ဒပြရာမှာ ဦးဆောင်ခဲ့တဲ့ လူငယ်သုံးဦးကို မနေ့ညက အာမခံပြန်လွှတ်ပေးလိုက်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မြစ်ကြီးနားမြို့နယ် တရားရုံးကို ဆင့်ခေါ်ထားပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကယ်တင်နိုင်ရေးတောင်းဆိုတဲ့ ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦးကို ထောင်ဒဏ်တွေ ချမှတ်လိုက်တာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ HRW လူ့အခွင့်အရေး စောင့်ကြည်ရေးအဖွဲ့၊ အမေရိကန်သံရုံး၊ ဥရောပသမဂ္ဂ စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်ပရောက် ကချင်လူမျိုးများကွန်ရက်၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ကချင်အမျိုးသမီးများကွန်ရက် စတဲ့ လူမှုအဖွဲ့အစည်းတွေ ကလည်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်တောင်းဆိုထားကြပါတယ်။

ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေး ဦးဆောင်ပြုလုပ်တဲ့ ကချင် တက်ကြွသူ ၃ ဦးကို မနေ့က မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ဒဏ်ငွေ ၅ သိန်း ပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

ဒီလို အမိန့်ချမှတ်လိုက်တာဟာ မတရားတဲ့ ဆုံးဖြတ်ချက်ဖြစ်တာကြောင့် ကန့်ကွက်ကြောင်းနဲ့ သူတို့ကို အမြန်ဆုံး ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့အတွက် အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က ထုတ်ပြန်ချက်ထုတ် တောင်းဆိုလိုက်ကြပါတယ်။

ဒီလူငယ် ၃ ယောက်ကို အခုလို ဆုံးဖြတ်တာဟာ မတရားတဲ့ဥပဒေ အဆုံးအဖြတ်ဖြစ်တယ်လို့ Equality Myanmar အဖွဲ့က ကိုတင်မောင်ထွေးက အခုလိုပြောပါတယ်။

"စစ်ဆေးမှုသည် မတရားသော စစ်ဆေးမှုလို့ ကျနော်တို့က သတ်မှတ်ထားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတော်အနေနဲ့က ဒီမိုကရေစီကို စောင့်ရှောက်ရမယ့်သဘောလို့ ပါပါတယ်။ ဒီလိုမျိုး ကာကွယ်စောက်ရှောက်မှု ကို ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ လူငယ် ၃ ယောက်ကို အခုလိုမျိုး တရားဥပဒေ ဆုံးဖြတ်မှုသည် မတရားသော တရားစီရင်ဆုံးဖြတ်မှုလို့ ကျနော်တို့က လက်ခံထားပါတယ်။ ဒါကြောင့်မို့ သူတို့ကို ပြန်လည်သုံးသပ်ပြီးတော့ ပြန်လည်စစ်ဆေးပြီး စဉ်းစားဆင်ခြင်ဖို့ တောင်းထားပါတယ်။ အဓိကကတော့ ချက်ချင်းပြန်လွှတ်ပေးစေချင်ပါတယ်"

အခုလိုပြုလုပ်လိုက်တာဟာ ကချင်တိုင်းရင်းသားတွေရဲ့ အခြေခံလူအခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို နှိပ်ကွပ်သလိုဖြစ်နေတယ်လို့လည်း အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလို အမိန့်ချလိုက်တာဟာ တရားဥပဒေ စိုးမိုးမှုမရှိတာနဲ့ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာ ရုပ်ဆိုးစေတာကြောင့် သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုတယ်လို့ ပြည်ပရောက် ကချင် လူမျိုးများ ကွန်ရက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက RFA ကို ပြောပါတယ်။

"ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သွားနေတဲ့နေရာမှာ ရုပ်ဆိုးစေတယ်။ အားလုံးကို ခြောက်လန့်မှုဖြစ်စေတယ်။ ဒါကြောင့်မို့ ဒီကိစ္စက လုံးဝမဖြစ်သင့်တဲ့အရာဆိုတာကိုလည်း ကျနော် တောင်းဆိုထားတယ်။ မတရား အမိန့်ချမှတ်ထားတဲ့ ဆရာမနဲ့ ဆရာ နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ အဓိက ကျမတို့ တောင်းဆိုထားတယ်"

ပြီးခဲ့တဲ့ ဧပြီလက တပ်မတော်နဲ့ ကေအိုင်အေ တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့သူတွေ လွတ်မြောက်ဖို့အတွက် ဧပြီလကုန်ပိုင်းကနေ မေလဆန်းအထိ မြစ်ကြီးနားမြို့မှာ ဒေသခံတွေက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဒီစစ်ဘေးဒုက္ခသည်တွေကို ကယ်တင်နိုင်ရေးတောင်းဆို ဆန္ဒပြခဲ့တဲ့ ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနဲ့ ဒေါ်နန်ပူတို့ ၃ ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားခဲ့ပြီး မနေ့က အပြီးသတ် အမိန့်ချလိုက်တာဖြစ်ပါတယ်။

မနေ့က အမိန့်ချလိုက်ရာမှာ တရားစီရင်ရေးမှာ  တပ်မတော်ရဲ့ လွှမ်းမိုးမှုတွေကို တွေ့နေရပြီး ပြုပြင်ပေးစေချင်တယ်လို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ အတွင်းရေးမှူး ဦးဂျီလန်းနော် က ပြောပါတယ်။

"တရားစီရင်ရေးစနစ်မှာ တပ်ရဲ့ လွှမ်းမိုးမှုတွေဟာ မနေ့က အမိန့်ချတဲ့နေရာမှာ တွေ့ရတယ်။ ဒါတွေကို ပြုပြင်ခိုင်းစေချင်တယ် နောက်ပြီးတော့ နောင်အနာဂတ်မှာ နိုင်ငံရေးထဲမှာ ပါဝင်လာတဲ့လူငယ်တွေကို သူတို့ကဒါမျိုး ရေရေရာရာ မရှိတဲ့ပုဒ်မတွေတပ် ဖမ်းတဲ့ဟာမျိုးတွေ နောက်တစ်ခါ မဖြစ်စေချင်ဘူး။ အဲတာတွေကို တောင်းဆိုတာပါ"

ဒီအမှုမှာ ကချင် တက်ကြွလှုပ်ရှားသူ ၃ ဦးဟာ စစ်ပွဲတွင်းပိတ်မိနေတဲ့ ပြည်သူတွေကို လူသားချင်း စာနာထောက်ထားတဲ့စိတ်နဲ့ ကူုညီဆောင်ရွက်တာဖြစ်ကြောင်းနဲ့ နိုင်ငံရေး ပရောဂ မပါတာကြောင့် သူတိ့ုကို အမိန်ချလိုက်တာဟာ တရားမျှတမှုမရှိကြောင်းနဲ့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ HRW လူ့အခွင့်စောင့်ကြည်ရေးအဖွဲ့၊ ရန်ကုန် အမေရိကန်သံရုံး၊ ဥရောပသမဂ္ဂ အဖွဲ့စတဲ့ နိုင်ငံတကာအဖွ့ဲတွေကလည်း တောင်းဆိုထားပါတယ်။

ဒီလို ထောင်ဒဏ်တွေ ချမှတ်လိုက်တာကို မကျေနပ်တဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ လူငယ်တွေဟာ မနေ့က နေလယ်ပိုင်းတုန်းက မြစ်ကြီးနားမြို့နယ် တရားရုံးကနေ မနောကွင်းအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

တရားရုံးကနေ မနောကွင်းထိ လမ်းလျှောက်ဆန္ဒပြသူထဲက ကချင်လူငယ်တွေဖြစ်တဲ့ မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်၊ ကိုဆိုင်းခွမ်အောင် တို့နဲ့အတူ လမ်းလျှောက် ဆန္ဒထုတ်ဖော်တာကြောင့်  မြစ်ကြီးနားမြို့နယ် ရဲမှူးက တရားလိုလုပ်ကာ ပုဒ်မ ၁၉ နဲ့ မနေ့ညက အမှုဖွင့်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်ခဲ့တဲ့ လူငယ် သုံးဦးဟာ မနေ့ညက အာမခံရရှိခဲ့ပြီး  ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ စတင် စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။