အဖမ်းခံရတဲ့ အင်းတော်ဒေသခံ လေးဦး အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲခံရ
2023.02.08

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်ကနေ ၃၁ ရက်နေ့အတွင်း စစ်ကောင်စီတပ်က PDF နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီးဖမ်းဆီးခဲ့တဲ့ ဒေသခံ လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂ (က)နဲ့ တရားစွဲဆိုထားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
အင်းတော်မြို့က စာရေးကိရိယာဆိုင်ပိုင်ရှင် ဦးဖိုးစီ၊ မနွေနွေဦး၊ ထမင်းဆိုင်ပိုင်ရှင် ဒေါ်သစ်စုံနဲ့ သူ့ရဲ့ အမျိုးသားတို့ကို NUG၊ PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
လက်ရှိ ဒေသခံ လေးဦးစလုံးကို စစ်ကောင်စီတပ်မှာပဲ ဖမ်းဆီးချုပ်နှောင်ထားပြီး သူတို့ပဲ တရားစီရင်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အခုက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တော့ သူတို့ကို ရဲစခန်းထဲမှာ မထားတော့ဘူး။ စစ်တပ်ကုန်းမှာပဲထားတော့တာ။ တရားစီရင်ရေးကအစ စစ်တပ်ကပဲ ကိုင်တွယ်သွားမှာ ဆိုတော့လေ။ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း မြို့ထဲမှာက အစစ်အဆေး ပိုကြမ်းလာတယ်"
အဲဒီအထဲက မနွေးနွေးဦးကို ပြန်လည်လွှတ်ပေးဖို့ လာရောက်တောင်းဆိုတဲ့ နဘားရွာက ဆရာတော်တစ်ပါးပါ လက်ရှိ အဖမ်းခံထားရတယ်လို့ ဒေသခံတွေပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီဟာ အင်းတော်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ညမထွက်ရအမိန့်ပါ ထုတ်ပြန်ထားသလို လုံခြုံရေးကိုပါ တင်းကျပ်ပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။