ချောက်နဲ့ ရေနံချောင်းမှာ မိုးခေါင်လို့ စိုက်ခင်းဧကသောင်းနဲ့ချီ ပျက်စီး

ဇာဏီထွဏ်း
2020.07.24

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ ချောက်မြို့နဲ့ ရေနံချောင်းမြို့တွေမှာ မိုးခေါင်တာကြောင့် နှစ်လအတွင်း နှမ်းနဲ့ ပဲခင်းဧက ခုနှစ်သောင်း ရှစ်ထောင်နီးပါး ပျက်စီးခဲ့ပါတယ်။

မကွေးတိုင်း ချောက်နဲ့ ရေနံချောင်းမြို့နယ်တွေမှာ ဒီနှစ်အတွင်း သိသိသာသာ မိုးခေါင်နေတာကြောင့် နှမ်းနဲ့ ပဲခင်းတွေ ဧက သောင်းနဲ့ချီပြီး ပျက်စီးနေပါတယ်။

နှမ်းခင်းတွေဆိုရင် အားလုံးနီးပါး ပျက်စီးသွားပြီး မြေပဲတွေဆိုရင်လည်း နောက်နှစ်အတွက် မျိုးတောင်ရပါ့မလား ဆိုတာကို စိတ်ပူနေကြရတယ်လို့ ချောက်မြို့နယ် ကြောင်လျာတောကျေးရွာက တောင်သူ ဦးမြင့်သိန်းက ပြောပါတယ်။

အရင်နှစ်တွေတုန်းကဆိုရင် မေ၊ ဇွန် လောက်မှာ မိုးရွာတတ်ပေမယ့် ဒီနှစ်မှာတော့ အခုဇူလိုင်အထိ မိုးမရွာသေးတာ နှစ်လကျော်ရှိနေတာကြောင့် နှမ်းခင်းတွေနဲ့ ပဲခင်းတွေမှာ မြေအစိုဓာတ်မရှိတော့ဘဲ ခြောက်သွေ့ကုန်တာပါ။

ချောက်မြို့နယ်ထဲ ထိန်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဘိုကြီးက မိုးမရလို့ စိုက်ပျိုးရတဲ့ အခက်အခဲ အခြေအနေတွေကို ပြောပါတယ်။

ချောက်မြို့နယ်အတွင်းမှာ နှမ်း ထိခိုက်ဧက တစ်သောင်း ရှစ်ထောင်ကျော်၊ ပျက်စီးဧက ၇၇၀၀ ကျော်ရှိပြီး မြေပဲ ထိခိုက်ဧက လေးထောင်ကျော် ၊ ပျက်စီးဧက ၃၅၊ ပဲတီစိမ်း ထိခိုက်ဧက ငါးရာကျော်ရှိတယ်လို့ မြို့နယ်မြေစာရင်း ဦးစီးဌာနကနေ သိရပါတယ်။

အခုစာရင်းတွေဟာ ဒီနှစ်မိုးရရှိမှုနည်းတဲ့ ဇွန်လလောက်ကစပြီး ဆက်တိုက်ကောက်ယူထားတဲ့ စာရင်းတွေ ဖြစ်ပါတယ်။

ဒီလို ထိခိုက်ပျက်စီးတဲ့ အရေအတွက်မျိုး အရင်ကမဖြစ်ဖူးဘူးလို့လည်း မြို့နယ်မြေစာရင်းဌာန ဦးစီးမှူး ဦးစိုးသိန်းက RFA ကို ပြောပါတယ်။

နှမ်းစိုက်ဖို့အတွက် တစ်ဧကကို မျိုးဖိုး၊ ထွန်ယက်ခ၊ စိုက်ပျိုးစရိတ်တွေပေါင်းရင် ကျပ် တစ်သိန်း ခြောက်သောင်း ဝန်းကျင်လောက်ရှိပါတယ်။ မြေပဲဆိုရင်တော့ တစ်ဧကကို ကုန်ကျစရိတ် တစ်သိန်း လေးသောင်း ဝန်းကျင်လောက် ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။

အခုဆိုရင် အဲဒီစိုက်ပျိုးထားတဲ့ အရင်းအနှီးတွေ ဆုံးရှုံးရမယ့် အခက်ခဲကို ရင်ဆိုင်နေရပြီး တချို့တောင် သူတွေဆိုရင် ချေးငှားပြီး စိုက်ပျိုးထားတာကြောင့် အကြွေးတွေအတွက်ပါ တွေးပူနေရတာတွေလည်း ရင်ဆိုင်နေကြရပါတယ်။

ရေနံချောင်းမြိုနယ်မှာလည်း ပဲ၊ နှမ်း စိုက်ဧက ရှစ်သောင်းကနေ တစ်သိန်းဝန်းကျင်လောက်ရှိပြီး အခုချိန်မှာ တစ်ဝက်လောက်က ထိခိုက်ပျက်စီးတာတွေ ရှိနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။

ချောက်၊ ရေနံချောင်းမြို့နယ်တွေမှာ ပဲ၊ နှမ်း စိုက်ခင်းတွေ ထိခိုက်ပျက်စီးတာသာမကဘဲ တခြားမြို့နယ်တွေဖြစ်တဲ့ နတ်မောက်၊ မကွေး၊ မင်းဘူးနဲ့ မင်းလှမြို့နယ်တွေမှာလည်း ထိခိုက်ပျက်စီးတာတွေ ရှိနေတယ်လို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။

တိုင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက အဲဒီထိခိုက်ပျက်စီးတာတွေကို စာရင်းတွေ ကောက်ယူနေပြီး ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တင်ပြသွားမယ်လို့ ပြောပါတယ်။

ဒီနှစ်ပိုင်းအတွင်းမှာ မုတ်သုံလေအားနည်းတာအပြင် လေဖိအားနည်းရပ်ဝန်းဖြစ်တာ၊ မုန်တိုင်းဖြစ်တာတွေလည်း နည်းတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း တချို့ဒေသတွေမှာ မိုးရရှိမှုနည်းနေတာလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

မိုးခေါင်တာကြောင့် အခုချိန်မှာ စားသောက်ကုန်ဖြစ်တဲ့ ပဲ၊ နှမ်း စိုက်ဧကတွေ ထိခိုက်ပျက်စီးသွားသလို နွားစာအတွက် စိုက်ပျိုးထားတဲ့ ပြောင်း၊ ဆတ် အပင်တွေလည်း သေကုန်တာကြောင့် နွားစာကျွေးဖို့တောင် အခက်ခဲဖြစ်နေကြပါတယ်။

အရင်က နွားစာကို ကိုယ့်ယာစိုက်ခင်းအပင်တွေကနေ ကျွေးနေကျဖြစ်ပေမယ့် ဒီနှစ်မှာတော့ စလင်း၊ ပွင့်ဖြူ စတဲ့ တခြားမြို့နယ်တွေအထိ နွားစာလိုက်ဝယ်နေကြရတယ်လို့ တောင်သူတွေက ပြောကြပါတယ်။

ထိခိုက်ပျက်စီးနေတဲ့ နှမ်းခင်းနဲ့ ပဲစိုက်ခင်းတွေအပြင် နွားစာအတွက်၊ အကြွေးတွေအတွက်၊ နောင်နှစ် အရင်းအနှီးအတွက်တွေပါ ရုန်းကန်နေရတဲ့ တောင်သူတွေကတော့ မိုးမှန်မှန်သာ ရွာပေးဖို့ မျှော်လင့်နေကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။