ချောင်းဦး စစ်ကောင်စီဂိတ်စခန်း တိုက်ခံရပြီး နှစ်ဖက်စလုံး သေဆုံးမှုရှိ
2023.11.06

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မုံရွာ - မန္တလေး ကားလမ်းပေါ်မှာရှိတဲ့ မြပုလဲ စစ်ကောင်စီ ဂိတ်စခန်းကို နိုဝင်ဘာလ ၄ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၄ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ မုံရွာခရိုင်တပ်ရင်း (၆) က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် နှစ်ဦး၊ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် သုံးဦး၊ ဆေးတပ်ဖွဲ့ဝင်တစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့တယ်လို့လည်း မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့က နိုဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ချောင်းဦးမြို့နဲ့ နှစ်မိုင်အကွာမှာရှိတဲ့ မြပုလဲ စစ်ကောင်စီ ဂိတ်စခန်းဟာ အမှတ် (၉၀၉) စစ်မြေပြင် အင်ဂျင်နီယာတပ်က ဗိုလ်ကြီးအောင်သူရ အပါအဝင် စစ်ကောင်စီတပ်သား လေးဦး၊ အမှတ် (၂၆) လုံခြုံရေးတပ်ဖွဲ့ခွဲက စစ်ကောင်စီတပ်သား ငါးဦးနဲ့ ကန့်ဘလူမြို့နယ်အခြေစိုက် ပျူစောထီးတွေ အပါအဝင် စုစုပေါင်း အင်အား ၃၅ ဦးရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုဇာနည်သိန်းကတော့ မြပုလဲစခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁၄ ဦး သေဆုံးခဲ့တာကို ကိုယ်တိုင် တွေ့ခဲ့ရတယ်လို့ RFA ကိုပြောပါတယ်။
“စခန်းထဲဝင်ပြီး စီးတဲ့အချိန်မှာ စစ်ကောင်စီ တပ်သားတွေ သေဆုံးနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေဘက်ကလည်း ထိခိုက်တာတွေ ရှိလာတော့ ရဲဘောတွေကို ဦးစားပေးပြီးတော့ပဲ ပြန်ကယ်ထုတ်ခဲ့ရတယ်။ မှတ်တမ်း မယူလိုက်နိုင်ဘူး။ လက်နက်ခဲယမ်းတချို့ယူပြီး စခန်းကိုတော့ စီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်”
မြပုလဲ ဂိတ်စခန်း စီးနင်းတိုက်ခိုက်ခံရပြီးနောက် ချောင်းဦးမြို့ပေါ်မှာ ဒေသခံအချို့ ဖမ်းဆီးခံရတာတွေ ရှိပေမယ့် အရေအတွက် အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ချိန် စစ်ကူလာတဲ့ စစ်ကောင်စီ တပ်သားတွေကိုလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့သလို စခန်းကနေ ထွက်ပြေးတဲ့ ပျူစောထီး အဖွဲ့နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Area 71 PDF Monywa အဖွဲ့ တာဝန်ခံက RFA ကိုပြောပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲမှာ မြေပြင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအပြင် ဒရုန်းစစ်ဆင်ရေးနဲ့ တိုက်ခိုက်မှုပါ ပါဝင်ခဲ့ပြီး မြေပြင်နဲ့ ဝေဟင် ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ Myingyan District Drone Strike Team တာဝန်ခံက RFA ကိုပြောပါတယ်။
စစ်ကောင်စီ တပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။