ချောင်းဦး ညောင်ပင်ရပ်ကွက်နဲ့ ငါးယှန်ရွာ မီးရှို့ခံရ၊ အရပ်သားတစ်ဦး သေဆုံး
2023.05.12

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ပေါ် ညောင်ပင်ရပ်ကွက်နဲ့ ငါးယှန်ရွာတို့ကို မေလ ၁၁ ရက် မနေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် အရပ်သားတစ်ဦး သေဆုံးပြီး အိမ်ခြေ ၂၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၁ ရက် ညနေပိုင်းမှာ ငါးယှန်ရွာအနီး ဒေသကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီ တပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ငါးယှန်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဝင်ရောက်ပစ်ခတ်စီးနင်းစဉ်မှာ အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အင်အားတစ်ရာလောက်နဲ့ ဝင်ရောက်စီးနင်းပြီး ရွာကနေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး သလို ရွာကို စီးနင်းထားတာကြောင့် အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့ အဲဒီရွာက ဒေသခံ ၅၀၀၀ လောက်ဟာလည်း ညတွင်းချင်း ထွက်ပြေးနေရတယ်လို့ ငါးယှန်ရွာခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့ထိ ရွာနားကပ်ရင်ကို မည်းမည်းမြင်ရာ ပစ်တုန်း။ ရွာကို ပြန်မကပ်ရဲသေးဘူး။ စစ်သားတွေလည်း ရှိသေးတယ်။ ပြေးတာကတော့ ညတွင်းချင်းပြေးရတာ။ ည ၂ နာရီ လောက်ထိကို ပြေးတဲ့လူ မပြတ်ဘူး”
အဲဒီနေ့တစ်ရက်တည်းမှာပဲ ချောင်းဦးမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ ညောင်ပင်ရပ်ကွက် ကိုလည်း စစ်ကောင်စီ တပ်က ည ၉ နာရီလောက်မှာ မီးရှို့ခဲ့ပြီး မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီခန့် အာဏာပိုင် အကြီးအကဲ တွေရဲ့ နေအိမ်တွေနား နီးကပ်လာတဲ့အခါမှ မီးသတ်ဌာနကို ခေါ်ပြီး မီးငြှိမ်းသတ်စေခဲ့တာလို့ ချောင်းဦးမြို့ခံတွေက ပြောပါတယ်။
မီးစလောင်နေစဉ်မှာတော့ မီးငြှိမ်းသတ်ဖို့ကြိုးစားတဲ့ အရပ်သားတွေကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုကတော့ အဲဒီရပ်ကွက် အဝင်အထွက်လမ်းတွေကို အကုန်ပိတ်ထားပြီး မြို့နယ် မီးသတ်က မီးငြှိမ်းနေတာတွေကိုလုပ်နေတယ်။ ညကတော့ လူတွေကိုဖမ်းသွားပြီး ဒီမီးကို PDF တွေက ရှို့တာပါလို့ အော်ခိုင်းပြီး ဗီဒီယိုမှတ်တမ်းတွေ ယူသွားတယ်”
မီးလောင်တဲ့ အိမ်ခြေ ၅၀ ထက်မနည်းရှိနိုင်ပြီး အတိအကျကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
အခုမီးရှို့ခံရတဲ့ ချောင်းဦးမြို့နဲ့ ငါးယှန်ရွာတို့က သုံးမိုင်ခန့်သာကွာဝေးပြီး ငါးယှန်ရွာဟာ လည်း မုံရွာ-မန္တလေး လမ်းမကြီးပေါ်က ရွာကြီးတစ်ရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်း မှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ မေလ ၆ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေး နေရသူ ခုနစ်သိန်းခွဲနီးပါးအထိ ရှိလာပြီဖြစ်ပါတယ်။